
ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ်ကို ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုဟာ ၂၀၁၈ ခုနှစ်မှာ အနည်းဆုံးဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သိရပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ကို ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုဟာ တနှစ်ထက်တနှစ် များပြားလာခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ အနည်းဆုံးထိ ကျဆင်းသွားတယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ဒီဗွီဘီကို ပြောပါတယ်။
ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၁၄ ခုနှစ်မှာ ၅၆၈၂၄ ဦး၊ ၂၀၁၅ ခုနှစ်မှာ ၅၆၇၄၀ ဦး၊ ၂၀၁၆ ခုနှစ်မှာ ၅၈၉၆၀ ဦး၊ ၂၀၁၇ ခုနှစ်မှာ ၆၄၇၂၇ ဦးနဲ့ ၂၀၁၈ ခုနှစ်မှာ ၅၁၃၂၁ ဦးထိ ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကို ၂၀၁၈ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ ပြည်တွင်း ခရီးသွားဧည့်သည်တွေ လာရောက်မှုကတော့ အနည်းငယ်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေ ဝင်ရောက်လာမှု နည်းလာတာကြောင့် သံတွဲ-ငပလီမှာရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ပြည်တွင်းဖြစ် ရိုးရာအရောင်းဆိုင်တွေ စီးပွားရေး ထိခိုက်မှုတွေ ရှိနေကြရတာပါ။
ဒီနှစ်မှာတော့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာလိမ့်မယ်လို့ ဒေသခံ ဟိုတယ်လုပ်ငန်းရှင်တချို့က မျှော်လင့်နေကြပါတယ်။
ရခိုင်ပြည်နယ်ကို ပြည်တွင်းပြည်ပ ခရီးသွားတွေ ပိုမိုဝင်ရောက်လာဖို့ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့လိုသလို ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်မယ့် နေရာတွေ လုပ်ပေးဖို့နဲ့ ဝန်ဆောင်မှုတွေ ကောင်းမွန်ဖို့ လိုတယ်လို့ စစ်တွေမြို့က ဟိုတယ်အသိုင်းအဝိုင်းက ပြောပါတယ်။
ညွှန်ကြားရေးမှူး ဦးအောင်မိုးကတော့ ရခိုင်ပြည်နယ်ကို ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာဖို့ဆိုရင် နယ်မြေတည်ငြိမ်အေးချမ်းဖို့လိုသလို တရားဥပဒေစိုးမိုးဖို့ ပိုမိုအပ်တယ်လို့ ပြောပါတယ်။
ရခိုင်ဒေသတွင်း ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ကိုင်း မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်ကလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိခဲ့သလို ၂၀၁၈ ခုနှစ်နောက်ပိုင်းက စတင်ပြီး လက်ရှိအချိန်အထိ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဝဏ္ဏခွာညို











