DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဒေသက ကျောင်းသူကျောင်းသားများ ပညာရေးကောလိပ်တက်ခွင့်ရအောင် ဆောင်ရွက်ပေးမည်
DVB
·
February 6, 2019
တိုင်းရင်းသားဒေသက ကျောင်းသူကျောင်းသားများ ပညာရေးကောလိပ်တက်ခွင့်ရအောင်  ဆောင်ရွက်ပေးမည်
Donate to DVB

တိုင်းရင်းသားဒေသတွေက ကျောင်းသူကျောင်းသားတွေအတွက် ပညာရေး ကောလိပ်အပါအ၀င် ကိုယ်သင်ကြားချင်တဲ့ ပညာရပ်ကို သင်ကြားနိုင်အောင် အမြန်ဆုံးကူညီ လုပ်ဆောင်ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ ရှမ်းပြည်နယ် မိုင်းတုံမြို့က လူထုတွေ့ဆုံပွဲမှာ ဒေသခံ ကျောင်းသူတယောက်ရဲ့ အမေးကို ပြန်ဖြေပေးခဲ့တာပါ။

ကျောင်းသူလေးက သူဟာ မန်တုံကျောင်းမှာ ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်နည်းတာကြောင့် သူတက်ချင်တဲ့ ပညာရေးကောလိပ် တက်ခွင့်မရဘူးဖြစ်နေတယ်လို့ တင်ပြခဲ့ပါတယ်။

ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က “အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ဆိုလို့ ရှိရင် ဘာသာစကားကျွမ်းကျင်မှုအရ ၁၀ တန်း စာမေးပွဲဖြေဆိုတဲ့အခါ ကျမတို့ရဲ့ တိုင်းရင်းသား ကလေး (ခလေး)များဟာ အားနည်းသွားတယ်။ တချိန်လုံး မြန်မာဘာသာစကားကိုပဲ ပြောဆို သုံးစွဲနေတဲ့ ဒေသတွေက ကလေးတွေနဲ့စာလို့ရှိရင် အားနည်းချက် ဖြစ်သွားတယ်။ ဒါကြောင့်မို့လို့ ပြိုင်ဆိုင်တဲ့အခါ အမှတ်နည်းတာ ဖြစ်တတ်ပါတယ်။ ဒီကိစ္စကို ပညာရေးဝန်ကြီးဌာနနဲ့ ကျမတို့ လေးလေးနက်နက် ဆွေးနွေးနေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ ကလေးတွေဟာ တန်းတူရည်တူ ကျမတို့ လုပ်ပေးဖို့ စီမံကိန်း တွေလည်း အကောင်အထည်ဖော်ဖို့ စတင်ဆွေးနွေးနေပါတယ်” လို့ ပြောပါတယ်။

ကျောင်းသူကျောင်းသားတွေ ဆန္ဒရှိတာကို သင်ကြားနိုင်မယ့် ပညာရေးစနစ်ဖြစ်ဖို့  အမြန်ဆုံးအကောင်အထည်ဖော်ပေးမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။

“ဒီလို လွန်သွားတဲ့သူတွေ ပညာရေးဘွဲ့ပြန်ပြီးတော့ ရနိုင်မယ့်နည်းလမ်းတွေကို ပြန်ပြီးတော့ ဖွင့်ပေးမှာဖြစ်ပါတယ်။ မကြာခင်ကာလမှာ စိတ်အားထက်သန်တဲ့ ကျောင်းသူကျောင်းသားတွေ အတွက် ကိုယ်သင်ကြားချင်တာကို သင်ကြားနိုင်ဖို့အတွက် ကူညီပြီးတော့ လုပ်ပေးပါ့မယ်”

အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့အတူပါလာတဲ့ နယ်စပ်ရေးရာဝန်ကြီးက ဗိုလ်ချုပ်ကြီး ရဲအောင်ကတော့ အထူးလိုက်လျောတဲ့အနေနဲ့ နောက်နှစ်မှာ ဒီကလေးမလေးကို သူ့ဝန်ကြီးဌာနက ပညာရေး ကောလိပ်မှာ တက်နိုင်အောင်လုပ်ပေးပါ့မယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တင်ပြခဲ့တာပါ။

အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျမတို့ ဒီလိုလုပ်လို့တော့ မဖြစ်ပါဘူး။ ဒါ ကျမ ပွင့်ပွင့်လင်းလင်း ပြောတာ။ ကျမတို့ မူတခုချပြီးတော့ လုပ်ရမယ်။ ဒီလိုပဲ တယောက်ချင်း တယောက်ချင်းကို ကောက်ပြီးတော့ လုပ်လို့တော့ မဖြစ်ပါဘူး။ သမီးလည်း အခွင့်အရေးရသလို တခြား သမီးလို တန်းတူရည်တူရှိတဲ့သူတွေလည်း အခွင့်အရေး ရရမယ်။ အဲဒါတွေ ကျမတို့ ဆက်ပြီး စီစဉ်ပါ့မယ်” လို့ ပြန်ပြောခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ် ခရီးစဉ်သွားရောက်နေပြီး ဒီနေ့ ညနေမှာ တောင်ကြီးကို ရောက်ရှိမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013