
အလုပ်ရှင်က နစ်နာကြေးမပေးတဲ့ကိစ္စ အစိုးရအဖွဲ့ကဖြေရှင်းပေးဖို့ ကုမ္ပဏီ ၈ ခုက အလုပ်သမား ၄၀ ကျော်ဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဖေဖော်ဝါရီ ၆ ရက်က လာရောက် တောင်းဆိုနေပါတယ်။
အထည်ချုပ်စက်ရုံတွေနဲ့ YBS ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီပေါင်း ၈ ခုက အလုပ်သမား တွေကို ကုမ္ပဏီက အလုပ်သမားဥပဒေနဲ့မညီဘဲ အလုပ်ထုတ်ပြီး နစ်နာကြေးမပေးတာ၊ စက်ရုံပိတ်သိမ်းပြီး နစ်နာကြေးမပေးတာကြောင့် အစိုးရကကူညီဖြေရှင်းပေးဖို့ အလုပ်သမားတွေ အခုလို တောင်းဆိုနေတာပါ။
Central Star အထည်ချုပ်စက်ရုံကို ပိတ်သိမ်းလိုက်တဲ့အပေါ် နစ်နာကြေးမပေးတာကြောင့် အလုပ်သမား ၄၀၀ ကျော် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
နစ်နာကြေးမပေးတဲ့ ကုမ္ပဏီကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်အရေးယူပေးဖို့ အလုပ်သမားတွေကပြောဆိုခဲ့ပေမယ့် ဖြေရှင်းပေးတာမရှိလို့ လာရောက်တောင်းဆိုရတာလို့ အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့က လာရောက်တွေ့ဆုံဖြေရှင်းပေးတဲ့အထိ အစိုးရအဖွဲ့ရုံးရှေ့ကနေ ဆက်လက်တောင်းဆိုသွားမယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။











