
စစ်အာဏာရှင်တပ်ရဲ့ ကာချုပ်အသစ်က ဒုဗိုလ်ချုပ်ကြီးစိုးလှိုင်ကို ရာထူးတိုးပေးပြီးနောက် အမှတ် ၃ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး နေရာပေးကာ စစ်ဘက်ကို ပြန်ခေါ်လိုက်တယ်လို့ နေပြည်တော် သတင်းရင်းမြစ်ဆီက သိရပါတယ်။
ရဲချုပ်နေရာကို ဒုရဲချုပ်-၁ ဖြစ်တဲ့ ရဲဗိုလ်ချုပ်ဝင်းဗိုလ်ကို နေရာပေးကာ ဒုဗိုလ်ချုပ်ကြီးစိုးလှိုင်ကို ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး တာဝန်ယူထားတဲ့ အမှတ် ၃ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး တာဝန်ကို ပေးလိုက်တာလို့ နေပြည်တော်သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ဗိုလ်ချုပ်နိုင်နိုင်ဦးကို ကထစမှူး ၃ နေရာ ပေးပြီးကတည်းက ရခိုင်က မြို့တွေ ပြန်မရတဲ့အပြင် ဧရာဝတီဘက်က တပ်စခန်းတွေပါ သိမ်းခံရလို့ သူ့နေရာကို ဗိုလ်ချုပ်စိုးလှိုင်ကို ပေးလိုက်တာ။ ဗိုလ်ချုပ်အလှည့်ရောက်ရင် ဘယ်လိုလာမလဲ မသိဘူး။”
စစ်အာဏာရှင် သမ္မတမလုပ်ခင်က မတ် ၂ ရက်က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး တေဇ ၂၄ ကျောင်းဆင်း ဗိုလ်ချုပ်စိုးလှိုင်ကို ရဲချုပ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ရာထူးတိုးလာတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရခိုင်နဲ့ ပဲခူး စစ်ရေးအတွက် အမှတ် ၃ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး နေရာကို ဒုဗိုလ်ချုပ်ကြီးတေဇကျော်၊ ဖုန်းမြတ်တို့ကို တာဝန်ပေးခဲ့ရာ ရခိုင်ပြည်နယ် ၁၄ မြို့ကို အာရက္ခတပ်တော် (AA) က သိမ်းယူသွားပါတယ်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမှတ် ၃ အထူးစစ်ဆင်ရေးအဖွဲ့ကို ရခိုင်နဲ့ ဧရာဝတီတိုင်းကို ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို တာဝန်ပေးခဲ့ရာ ဧရာဝတီတိုင်းက ကာကင်းစခန်းတချို့ သိမ်းဆည်းခံရတဲ့အတွက် ဒုဗိုလ်ချုပ်ကြီးစိုးလှိုင်ကို ပြောင်းရွှေ့ခန့်ထားတာ ဖြစ်ပါတယ်။











