DVB Logo
Home
မြန်မာသတင်း
အုပ်ချုပ်ရေးအဖွဲ့များ သွေးလန့်စေမည့် အပြုအမူ ထိန်းသိမ်းရန် ၈၈ တိုက်တွန်း
DVB
·
September 25, 2012
အုပ်ချုပ်ရေးအဖွဲ့များ သွေးလန့်စေမည့် အပြုအမူ ထိန်းသိမ်းရန် ၈၈ တိုက်တွန်း
Donate to DVB

ဒီမိုကရေစီဖော်ဆောင်ရေးကာလမှာ အုပ်ချုပ်ရေးအဖွဲ့တွေ သွေးလန့်သွားစေမယ့် အပြုအမူတွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ က ပြောဆိုလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အခုရက်ပိုင်းအတွင်း လှုပ်ရှားလုပ်ဆောင်မှုတွေ၊ ရခိုင်ပြည်နယ်ခရီးစဉ်အခြေအနေ၊၊ ပည်သူတွေရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု အခြေအနေတွေနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၄ ရက်နေ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းမှာစာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခဲ့တာပါ။

[caption id="attachment_31215" align="alignleft" width="300" caption="စက်တင်ဘာ ၂၄ ရက်နေ့က ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ဝေဇယန္တာလမ်းရုံးခန်းတွင် ကျင်းပစဉ်"][/caption]

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “သွေးလန့်သွားအောင် အပြုအမူမျိုးကို ဆင်ခြင်ကြရမယ်။ တဖက်က အုပ်ချုပ်ရေးပိုင်းကလည်း သဘောထား ဆန္ဒဖော်ထုတ်ကြ သူတွေကို ငြိမ်းချမ်းစွာ ပြီးဆုံးသွားတဲ့အထိ နားလည်မှုပေးဖို့လိုတယ်။ စာအုပ်ကြီးတိုင်း ကိုင်ပေါက်နေလို့ လုံးဝမဖြစ်ဘူး။ နားလည်မှုအခြေခံပြီးတော့ သဘောထားပျော့ပျောင်းစွာနဲ့ ဒီပြဿနာကို ဖြေရှင်းသင့်တယ်။ ကျနော်တို့ ဒီကိစ္စကို ဆက်ပြီး အလေးအနက်ထားပြီး လိုအပ်တာရှိရင်လည်း ကျနော်တို့က ဘယ်သူပဲဖြစ်ဖြစ် ဘယ်ပြဿနာပဲဖြစ်ဖြစ် တိုင်းပြည်မှာဖြစ်လာခဲ့ရင် အရောင်အသွေးကိုလည်း မကြည့်ဘူး၊ လူမျိုးလည်းမကြည့်ဘူး၊ ဘာသာကိုလည်းမကြည့်ဘူး။ ဘယ်သူဖြစ်ဖြစ် ကူညီဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီက အခုလို ရှင်းလင်းပြောဆိုသွားပါတယ်။

“ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ရော၊ ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုနဲ့ ပတ်သက်၍သော်လည်းကောင်း အဲဒီအချက်တွေကို အဓိကထားပြီး ကျနော်တို့ ကူညီဖြေရှင်းပေးပါတယ်။ ဒီစီမံကိန်းမှာ ၀င်ရောက်လုပ်ကိုင်တဲ့ ဘယ်ကုမ္ပဏီမဆို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့သော်လည်းကောင်း ရွာသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်၍သော်လည်းကောင်း သတိကြီးကြီးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။”

ရခိုင်ပြည်နယ် ပုံမှန်အခြေအနေပြန်ရောက်ဖို့အတွက် လှူဒါန်းမှုတွေအပါအ၀င် လိုအပ်တဲ့ အစိတ်အပိုင်းတွေမှာ ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။

“ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ့ မွေးနေ့မှာ ကျနော်တို့ကတဆင့် ပြန်လည်လှူဒါန်းလိုက်တဲ့ အလှူငွေ ၉,၁၃၂,၀၀၀ကို ရခိုင်ဒေသ သာသနိက အဆောက်အအုံတွေ ပျက်စီးသွားတာတွေကို ပြန်လည်ပြုပြင်ဖို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ နောက် စေတနာဝဿန် ဂီတဖျော်ဖြေပွဲကနေ ရရှိတဲ့ ငွေထဲက သိန်း ၂၀၀ ရခိုင်ဒေသ ဘေးဒုက္ခရောက်နေသူတွေကို ကူညီဖို့သွားမယ့် အစီအစဉ်လည်းရှိပါတယ်။ ရခိုင်ဒေသအရေးဟာ မြန်မာနိုင်ငံ တခြားအစိတ်အပိုင်းတွေမှာ ဖြစ်နေတဲ့ ကိစ္စတွေလိုပဲ အရေးကြီးတဲ့၊ အင်မတန်ရှုပ်ထွေး သိမ်မွေ့တဲ့ ကိစ္စဖြစ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဆောင်ရွက်နေတဲ့ တပြိုင်တည်းမှာပဲ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့လည်း လက်ရှိပြဿနာကို ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ အတတ်နိုင်ဆုံး လှူဒါန်းမှုတွေ၊ သွားရောက်နှစ်သိမ့် အားပေးမှုတွေရော အဲခရီးစဉ်တွေ ဆက်လုပ်ဖို့ရှိပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ စက်တင်ဘာ ၃၀ ရက်နေ့မှာ လက်ပန်းတောင်းနဲ့ ချင်းတွင်းသဘာဝအလှကို ကယ်တင်နိုင်မယ့် ကမ်ပိန်းကို စတင်တဲ့အနေနဲ့ ပညာရှင်တွေအစုံ ပါဝင်မယ့် နှီးနှောဖလှယ်ပွဲကြီး ကျင်းပသွားမယ်လို့လည်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013