DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့မည့်ကိစ္စ ခုံရုံးဆုံးဖြတ်ချက်ရယူရန် ကြံ့ခိုင်ရေးအမတ်တိုက်တွန်း
DVB
·
February 5, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့မည့်ကိစ္စ ခုံရုံးဆုံးဖြတ်ချက်ရယူရန် ကြံ့ခိုင်ရေးအမတ်တိုက်တွန်း
Donate to DVB

ဖွဲ့စည်းပုံပြင်ဆင်ရေးဦးဆောင်ကော်မတီဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ကန့်ကွက်သူတွေရှိနေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ သဘောထား မှတ်ချက်ရယူပြီးမှ ဆုံးဖြတ်ဖို့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်က အကြံပြု ဆွေးနွေးလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးနေတဲ့ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောလျှင်စွာပြင်ဆင်နိုင်ဖို့ ဦးဆောင်မယ့် ပူးပေါင်းကော်မတီဖွဲ့စည်း ပေးရေး ပြည်ထောင်စုလွှတ်တော်ကို တိုက်တွန်းတဲ့ အရေးကြီးအဆို’ အပေါ် ကြံ့ခိုင်ရေးပါတီက ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ကန့်ကွက် ဆွေးနွေး ပြောဆိုခဲ့တာပါ။

ဒီဆိုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိမရှိကိစ္စအပေါ်  တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေအကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီကိစ္စ  ပြည်ထောင်စုလွှတ်တော်ကမှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့  ကိုယ်စားလှယ် ၃၁ ဦးက အမြင်သဘောထားတွေနဲ့ သက်ဆိုင်ရာပါတီတွေရဲ့ သဘောထားတွေ  ဆွေးနွေးတင်ပြနေကြတာဖြစ်ပါတယ်။

ဒီအရေးကြီးအဆိုနဲ့ပတ်သက်ပြီး  မတ်တက်ရပ်ကန့်ကွက်ခဲ့တဲ့ တပ်မတော်သား လွှတ်တော် အမတ်တွေကတော့ ပါဝင် ဆွေးနွေးခြင်းမရှိပါဘူး။

အဆိုကို အတည်ပြုခဲ့ပါက လွှတ်တော်ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းမယ့် ပူးပေါင်းကော်မတီမှာ ပါဝင်ဖို့ကိုတော့ ကော်မတီရဲ့လုပ်ပိုင်ခွင့်အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ တပ်မတော်သားကိုယ်စားလှယ်အစု အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

အန်အယ်လ်ဒီပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အဆိုဟာ ဥပဒေနဲ့ အညီလုပ်ဆောင်ခဲ့တာဖြစ်ပြီး လွှတ်တော်ရဲ့ဥပဒေအတိုင်း လုပ်ဆောင်မှာဖြစ်တဲ့အတွက် ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ပေးကြဖို့လိုတယ်လို့ တိုက်တွန်း ပြောဆိုထားပါတယ်။

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တင်သွင်းတဲ့ ဒီအဆိုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေကတော့  ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိဖွဲ့စည်းပုံဟာအားလုံးပါဝင်မှုမဖြစ်တဲ့အတွက် အခုဖွဲ့စည်းမယ့်  ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှာ အားလုံးပါဝင်ဖို့လိုတယ်လို့ တအောင်း ပလောင်ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထူးက အဆိုကို ထောက်ခံအကြံပြု ပါတယ်။

တိုင်းရင်းသားဒေသတွေအတွက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ဖို့ အခုလို ကော်မတီဖွဲ့စည်းဖို့ လိုအပ်တယ်လို့လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က ထောက်ခံ ဆွေးနွေးသွားပါတယ်။

ရခိုင်အမျိုးသားပါတီကကိုယ်စားလှယ် ဦးဦးလှစောကလည်း အဆိုကို ထောက်ခံဆွေးနွေးခဲ့ပြီး လက်ရှိအခြေအနေတွေအရ လွှတ်တော်တွင်းလမ်းကြောင်းကနေ ပြင်ဆင်ဖို့ဟာ အခက်အခဲရှိနိုင်တဲ့အတွက် မူလရှိပြီးသား အန်စီအေလမ်းကြောင်းအတိုင်း ပြင်ဆင်ရေးကို လုပ်သင့်တယ်လို့ အကြံပြု ပါတယ်။

အန်အယ်လ်ဒီ ပါတီဝင်ဟောင်းဖြစ်တဲ့ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းကလည်း လက်ရှိဖွဲ့ စည်းပုံဟာ ပြည်တွင်းငြိမ်းချမ်းရေးကို မဖြေရှင်းနိုင်သလို တိုင်းရင်းသား တန်းတူညီမျှမှုမရှိတာတွေကြောင့် ပြင်သင့်တဲ့အချိန်ကို ရောက်နေပြီလို့ ဆိုပါတယ်။

ဒီအဆိုနဲ့ပတ်သက်လို့ ဖေဖေါ်ဝါရီ ၆ ရက်နေ့  ပြည်ထောင်စုလွှတ်တော်အစည်းဝေးမှာ ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ပြန်လည်ရှင်းလင်းပြီး အဆိုအတည်ပြု မပြု ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

လွှတ်တော်က ကော်မတီဖွဲ့စည်းဖို့ဆုံးဖြတ်လိုက်ပါက လွှတ်တော်အတွင်းကို ရောက်ရှိနေတဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပူးပေါင်း အဖွဲ့အဖြစ် ဖွဲ့စည်းသွားရမှာဖြစ်ပါတယ်။

သတင်း- အောင်ဆန်းဦး၊ နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013