DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့နယ် ကျေးရွာများ၌  စားနပ်ရိက္ခာပြတ်လပ်
DVB
·
February 5, 2019
တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့နယ် ကျေးရွာများ၌  စားနပ်ရိက္ခာပြတ်လပ်
1 / 3
Donate to DVB

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ် ယိုးချောင်းဖျားက ကျေးရွာတွေမှာ ဆန်ရိက္ခာတွေ ပြတ်လပ်နေပြီး စားနပ်ရိက္ခာတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သလူးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။

ယိုးချောင်းအထက်ဖျားရှိ သလူချောင်းကျေးရွာသားတွေဟာ ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲတွေကြောင့် ဝါးတောင်၊ ကန်စောက်၊ တောင်မင်းကုလားနဲ့ အထက်မြတ်လှဲ စတဲ့ကျေးရွာကိ  စစ်ဘေးရှောင် ထွက်ပြေးလာခဲ့ကြပါတယ်။

ဒါပေမယ့်ထွက်မပြေးဘဲ ကျေးရွာတွေမှာ ကျန်ရစ်ခဲ့တဲ့ သလူချောင်းကျေးရွာက အိမ်ထောင်စု ၁၉၀ ကျော် လူဦးရေ ၁၀၀၀ နီးပါး၊ လေကွိ့ကျေးရွာက အိမ်ထောင်စု ၅၄ စု  လူဦးရေ ၃၀၅ ဦးနဲ့ လမုန်းသားကျေးရွာတွေဟာ စားနပ်ရိက္ခာတွေပြတ်လပ်ပြီး ဆန်ရိက္ခာတွေ သယ်ယူခွင့် မရတာကြောင့် အခက်အခဲတွေနဲ့ကြုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သလူချောင်းအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက “ကျနော်တို့ အုပ်စု ၃ ရွာပါ။ သလူချောင်းရယ်။ လေကွိ့ပြီးတော့ လမုန်းကိုင်း၊ ကျေးရွာတွေမှာဆန်ရိက္ခာတွေ အကုန်ပြတ်တောက်နေပြီ။ ဆန်ရိက္ခာ သယ်ခွင့်မရဘူး။ အခုကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားတဲ့ ကျောက်တော်မြို့နယ် ကယ်ဆယ်ရေးစခန်းနဲ့ဆိုရင် စက်လှေနဲ့ သလူချောင်းကျေးရွာကို ၂ နာရီခွဲသွားရတယ်။ ကျနော့်တို့ သလူချောင်းမှာဆိုရင် ဆန်ရိက္ခာတွေ ဘာမှမရှိတော့ဘူး”လို့ပြောပါတယ်။

ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ဖျားက သလူချောင်း င/စွေ၊ ချင်းမဝန်ဒေါင်း၊ ပညာဝ၊ င/စိုင်းရိုင်းကိုင်း၊ ကျွန်းသယာ၊ လေကွိ၊ တဲ့ဝ မီးချောင်းကုတ်၊ သင်းချောင်း၊ ကန်ပိ၊ ခေါင်းမောင်း၊ လမုသားကျေးရွာတို့က ဝါးတောင်ကျေးရွာ ကန်စောက်ကျေးရွာ၊ တောင်မင်း ကုလားကျေးရွာ၊ အထက်မြတ်လှဲ ကျေးရွာတို့ကို ပြီးခဲ့လက ထွက်ပြေးလာကြတာပါ။။

မြိုတိုင်းရင်းသားကျေးရွာဖြစ်တဲ့ လေကွိကျေးရွာနေ ဦးအောင်မြက “ကျနော်တို့ရွာမှာ အစားရိက္ခာတွေ ပြတ်တောက်နေတယ်။ ရွာမှာလဲ ဆန်တွေမရှိတော့ဘူး။ ရိက္ခာတွေအကုန် ပြတ်တောက်သွားပါပြီ။ အပြင်ထွက်ပြီးလဲ အလုပ်မလုပ်ရဲကြတော့ဘူး။ နောက်ပြီး တပ်မတော် ကလဲ ရိက္ခာသယ်ခွင့်မပေးဘူး။ ရိက္ခာတွေပြတ်တောက်နေတာက သလူချောင်းကျေးရွာနဲ့ လေကွိ့ကျေးရွာပြီးတောလမုန်းသားကျေးရွာနှစ်ရွာဖြစ်ပါတယ်”လို့ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့်ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ နီးပါးဟာလည်း ကျောက်တော်မြို့နယ်ထဲက ကယ်ဆယ်ရေး စခန်းလေးနေရာမှာ ယာယီခိုလှုံနေကြပါတယ်။

သင်္ဂဟကမ်းလက်ရက္ခတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “ဒီလိုသယ်ယူခွင့်မပြုတာကတော့ ကျနော်တို့အနေနဲ့ ဘာမှ လုပ်လို့မရဘူး။ ဒါပေမယ့် အဲ့ဒီရွာတွေကို ဆန်ရိက္ခာတွေ သယ်ခွင့်ပေးမှ ဆက်လို့ကျနော်တို့ လုပ်လို့ရမယ်။ ဒါမှမဟုတ် ကျန်ာတို့ ကယ်ဆယ်ရေးသွားပေးရင် တပ်ကလူတွေ ကိုယ်တိုင်လိုက်ပါ။ ဒီလိုပဲကျနော်တို့ လုပ်ရမယ်။ ကျနော်ဆန်ရိက္ခာတွေပေးဖို့ သွားချင်တယ်။ ဒါပေမယ့် သယ်ယူခွင့်မပြုဘူး။ ပြီးခဲ့လက ကျနော်တို့သင်္ဂဟကမ်း လက်ရိက္ခအဖွဲ့က ဆန်အိတ် ၁၀၀ ကျော်ပေးခဲ့တယ်။ ဒါပေမယ့်အခုပြတ်တောက်ပြီ”လို့ပြောပါတယ်။

ယိုးချောင်းအထက်ပိုင်းက ကျေးရွာတွေကို တပ်မတော်က ဆန်ရိက္ခာတွေပို့ပေးဖို့ ကန့်သတ် ထားတာနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြို့နယ်လေး လေးမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ  ၆၀၀၀ ကျော်လောက် ဒုက္ခနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ရိက္ခာသယ်ယူခွင့်ရယူဖို့နဲ့ ထွက်ပြေးလာတဲ့စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ညှိနှိုင်းဆောင် ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  ဇန်နဝါရီ ၁၂ ရက်က ပြည်နယ်အစိုးရရုံးမှာပြောဆိုခဲ့ပေမယ့် အကောင်အထည် မဖော်နိုင်သေးပါဘူး။

သတင်း- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013