Homeမြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆို လွှတ်တော်၌ စတင်ဆွေးနွေး
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆို လွှတ်တော်၌ စတင်ဆွေးနွေး
DVB
·
February 5, 2019

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ အတွက် အရေးကြီး အဆိုကို ဒီကနေ့ ဖေဖော်ဝါရီ ၅ရက် မနက် ပြည်ထောင်စုလွှတ်တော်မှာ စတင် ဆွေးနွေးနေပါတယ်။
နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် စုစုပေါင်း ၃၆ ဦး ပါဝင် ဆွေးနွေးမှာ ဖြစ်ပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ် စာရင်းထဲမှာ အန်အယ်လ်ဒီပါတီက ၁၄ ဦး၊ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၁၀ဦး၊ SNLD ပါတီက ကိုယ်စားလှယ် ၄ ဦး၊ ရခိုင်အမျိုးသားပါတီက ၃ ဦး အသီးသီး ဆွေးနွေးကြမှာပါ။
အန်အယ်လ်ဒီ အမတ်တွေနဲ့ တိုင်းရင်းသားပါတီတွေကတော့ ဖွဲ့စည်းပုံပြင်ဖို့ ကော်မတီဖွဲ့ရေး အဆိုကို ထောက်ခံ ဆွေးနွေးကြဖို့ ရှိပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ အရေးကြီးအဆို တင်သွင်းတုန်းက အပြင်းအထန် ကန့်ကွက်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ပါဝင်ဆွေးနွေးမှာ မဟုတ်ပါဘူး။
ဒီအဆိုကို တင်သွင်းခဲ့တဲ့ အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်ကတော့ ကော်မတီ ဖွဲ့စည်းတဲ့အခါမှာ တပ်မတော်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။