DVB Logo
Home
Lead Story
ကယောလို့ပြောလိုက်ရင် ဒူးမှာ ကြေးကွင်းစွပ်၊ နားမှာ အပေါက်ကြီးကြီး ဖောက်ထားတယ်
DVB
·
February 5, 2019
ကယောလို့ပြောလိုက်ရင် ဒူးမှာ ကြေးကွင်းစွပ်၊ နားမှာ အပေါက်ကြီးကြီး ဖောက်ထားတယ်
Donate to DVB

မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုများစွာ ရှိတဲ့အထဲက ကယားပြည်နယ်က ကယောမျိုးနွယ်စုတွေရဲ့အကြောင်း ကယောစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့က စာပေတာဝန်ခံ အော်လေးဗီးယား (ခေါ်) မူဆူး နဲ့ မေးမြန်းထားပါတယ်။

မေး။    ကယောနဲ့ပတ်သက်ပြီး ကယောက ဘယ်တိုင်းရင်းသားမျိုးနွယ်စုထဲမှာ ပါလဲ။ ဘယ်ဒေသတွေမှာ နေထိုင်ကြလဲ။

ဖြေ။ “ကယောကတော့ အများအားဖြင့် လူကြီးတွေ ပြောတာကတော့ ကရင်မျိုးနွယ်စုထဲမှာပါတယ်။ နေတာကတော့ ကယားပြည်နယ်ထဲမှာနေတယ်။ ဒါပေမယ့် ကယားပြည်နယ်မှာက များတာပေါ့နော်။ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာလည်းတချို့ရှိတယ်။ နောက်ပြီး တချို့ မြေပြန့် ရန်ကုန်တွေမှာလည်း အနည်းစုပေါ့။ တကယ့်အနည်းစုတွေကတော့ မြို့ထဲမှာ နေကြတယ်ပေါ့နော်။”

ကယားပြည်နယ်မှာဆိုရင် ဘယ်မြို့နယ်တွေမှာနေတာများလဲ။

ဖြေ။ “အဓိကကတော့ ဖရူဆိုမြို့နယ်ထဲမှာနေတယ်။ ဟိုယာ၊ ဘီယာဒေသဆိုရင် ကယောဒေသလို့ပဲ ခေါ်ကြတာပေါ့နော်။ ပြီးတော့ ဒီမောဆိုမြို့နယ်မှာလည်း အများကြီးရှိတယ်။  လွိုင်ကော်မှာကျတော့ ကျေးရွာအနေနဲ့ဆိုလို့ရှိရင် ရပ်ကွက် ၉ ခုလောက်မှာလည်း ရှိတယ်ပေါ့။”

ကယောက လူဦးရေအနေနဲ့ဆိုရင် ဘယ်လောက်ရှိဦးမလဲ။

ဖြေ။ “အတိအကျတော့ မသိပေမယ့် ၃၀၀၀၀ နဲ့ အထက်မှာတော့ရှိပါတယ်။”

ဆိုတော့ ကယောမျိုးနွယ်စုတွေမှာက စာပေနဲ့ယဉ်ကျေးမှုတွေက ရှိသေးလား။

ဖြေ။ “ကယောမှာက စာပေနဲ့ယဉ်ကျေးမှု ရှိပြီးသားပါ။ ”

ဆိုတော့ ကယောလို့ ပြောလို့ရင် လူတွေ ချက်ချင်းမြင်တဲ့  လက္ခဏာက ဘာတွေရှိတယ်လို့ ပြောလို့ရမလဲ။

ဖြေ။ “အများအားဖြင့် ကယောလို့ပြောလိုက်လို့ရှိရင် ကယောလူမျိုးဟာဆိုလို့ရှိရင် ဒူးမှာ ကြေးကွင်းတွေ စွပ်ထားတယ်။ ပြီးတော့မှ နားကိုလည်း အပေါက်ကြီးကြီးဖောက်ထားတယ်။  နောက်ကြေးကွင်းလေးတွေ လခြမ်းပြားလေးတွေနဲ့ အဲဒါကိုအရင်ဆုံး ပိုပြီးမြင်ကြတယ်ပေါ့။ ”

မင်္ဂလာပါဆိုရင်ဘယ်လိုပြောလဲ။

“တာဆိုရေးဘာနား၊ တာရေးဘာနား။ ကျေးဇူးတင်ပါတယ်ဆိုလို့ရှိရင်တော့ တာမူးဘာနား။”

ကယောရဲ့စာပေအကြောင်းလေး ပြောပြပေးပါဦး။

“ကယောမှာက သူ့စာပေနဲ့ သူ့ရိုးရာယဉ်ကျေးမှုကတော့ ရှိတယ်ပေါ့နော်။ စာပေကတော့ ဒီ ၁၉၃၀ ၀န်းကျင်မှာ ကတည်းကိုက ရောမဧက္ခရာ စာလုံးကိုပဲ အခြေခံပြီးတော့မှ ကယောအသံထွက်နဲ့ပေါ့နော်။ အဲလိုလေး လုပ်ထားပေးခဲ့တယ်ပေါ့။ လုပ်ထားပေးခဲ့ပြီးတော့ ၁၉၅၀ ၀န်းကျင်မှာမှ ပထမဆုံးအကြိမ် ကယောဘာသာနဲ့ စာအုပ်တခုထွက်လာတာပေါနော်။ ထွက်လာတယ် ဆိုပေမယ့် ဘာသာရေးအနေနဲ့ ပထမဆုံးတအုပ် ထွက်လာတာပေါ့။ အဲဒီနောက်ပိုင်းကနေပြီးတော့ ဒီစာပေယဉ်ကျေးမှုအဖွဲ့ဆိုတာ ရှိသင့်တယ်ဆိုပြီးတော့ ဒီလူကြီးတွေက စာပေယဉ်ကျေးမှုအသင်းကို ၁၉၆၇-၆၈ တွေမှာ ဖွဲ့ကြတယ်။ အဲဒီကနေ ပြီးတော့မှ  ကယောစာပေယဉ်ကျေးမှု ဆိုပြီးတော့မှ ပေါ်ပေါက်လာတယ်ပေါ့နော်။”

ကယောလူမျိုးတွေကလည်း ဖားစည်ကို အသုံးပြုကြတာတွေ့တယ်။ ကရင်ဖားစည်နဲ့ ဘယ်လိုကွာလဲ။

ဖြေ။ “ကရင်နဲ့ မကွာလောက်ဘူး။ ဖားစည်ကတော့ အားလုံးအတူတူလောက်ပါပဲ။ ဒါပေမယ့် ကျမတို့ ဒီကယောလူမျိုးအနေနဲ့က ကျမတို့ သိရသလောက်ဆိုလို့ရှိရင် ကယော လက်ထဲမှာလည်း ဖားစည်ကို အထွတ်အမြတ်ထားခဲ့တယ်။ ဘိုးဘွားတွေ လက်ထဲမှာကတည်းက ဖားစည်လည်း တအိမ်ကိုတလုံး အိမ်တိုင်းနီးပါး ဖားစည်ရှိခဲ့တယ်ပေါ့နော်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ နောက်ပိုင်း ဖားစည်ကို ရောင်းလို့ရတယ်ဆိုတဲ့ နောက်ပိုင်းမှာ ဖားစည်ကို တဖြည်းဖြည်းရောင်းထုတ်ကြတယ်။ ဒီနောက်ပိုင်းမှာတော့ ကျမတို့ ဒီဖားစည်ဟာ ကိုယ့်ရဲ့ဘိုးဘွားအမွေတွေဖြစ်တယ်။ ဒါဟာ ကိုယ့်ရဲ့ရိုးရာ အစဉ်အလာရှိလာခဲ့တဲ့  အရာဖြစ်တယ်။ ပြီးတော့ အိမ်သစ်တက်ပွဲမှာ ဆိုလို့ရှိရင်လည်း ဖားစည်ကို တီးပြီးတော့မှ တေးတွေဆိုတာ ရှိတဲ့အတွက် ဒါထိန်းရမယ်လို့ တဖြည်းဖြည်းနဲ့ သိလာကြတော့ ဖားစည်ကို မရောင်းတော့ဘဲနဲ့ ပြန်ပြီးတော့ ထိန်းသိမ်းလာတော့ ဒီလိုမျိုး ၅ လုံးတွဲ ၂ စုံ တော့ ကျန်သေးတယ်ပေါ့။”

ဆိုတော့ အဓိက ဒီဖားစည်ကို ဘယ်လိုပွဲတွေမှာ တီးတာများတာလဲ။

“ကျမတို့ ကယောအနေနဲ့ဆိုရင် ဖားစည်ကို အဲဒီအိမ်သစ်တက်ပွဲမှာပဲ တီးတာများတယ်။  ပြီးတော့မှ အခမ်းအနားတွေ လုပ်တဲ့အခါမှာ၊ တချို့ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ လူကြီးတွေ ဆိုလို့ရှိရင်တော့ အဲဒီအခမ်းအနားမှာ ပေးတီးတာရှိတယ်။ ပြီးတော့ လူမျိုးပွဲ၊ ဘာသာရေးပွဲမှာပဲဖြစ်ဖြစ် အကျိုးရှိတဲ့ လုပ်ငန်းတခုခု လုပ်နေတဲ့သူအတွက် ပွဲလုပ်ပေးတဲ့ အခါမှာလည်း ဖားစည်ကို ပေးတီးတာရှိတယ်။”

ကယောမျိုးရဲ့ အဓိက ကိုးကွယ်တဲ့ဘာသာက ဘာလဲ။

“ကျမတို့ ကယောလူမျိုးတွေက ခရစ်ယာန်ဘာသာကိုပဲ အများစု ကိုးကွယ်ကြပါတယ်။”

ဟုတ်ကဲ့၊ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013