DVB Logo
Home
မြန်မာသတင်း
သူရဦး​ရွှေမန်းခေါင်းဆောင်သည့် ‘ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ’ မှတ်ပုံတင် (ရုပ်သံ)
DVB
·
February 5, 2019
သူရဦး​ရွှေမန်းခေါင်းဆောင်သည့် ‘ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ’ မှတ်ပုံတင် (ရုပ်သံ)
Donate to DVB

သူရဦး​ရွှေမန်းဥက္ကဋ္ဌအဖြစ်​ တာဝန်​ယူထားတဲ့ ‘ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ' အမည်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ  ဒီကနေ့ မနက် မှတ်ပုံတင်လိုက်ပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UNION BETTERMENT PARTY(UBP)" အမည်နဲ့ ပါတီစီအီးစီအဖွဲ့ဝင် ၁၉ ဦး ကိုယ်စား  ဦးကျော်စန်းနဲ့ ဦးမြတ်သိန်းထွန်းတို့ က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃(က) အရ ပါတီတည်ထောင်ခွင့်ပြုရဖို့ ကော်မရှင်မှာ မှတ်ပုံတင်လိုက်တာပါ။

ပါတီကို ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ရေး၊ စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောက်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ပြောပါတယ်။

“ကျနော်တို့ဟာ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးစီးပွားကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ပြည်သူတွေနဲ့အတူ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရဲ့ အဓိက အခြေခံဖြစ်တဲ့ စီးပွားရေးကိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရေး၊ တချိန်တည်းမှာပဲ လူမှုရေး ကဏ္ဍဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတို့ကို စနစ်တကျ အစီစဉ်ရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေးနဲ့ အေးချမ်းရေး၊ မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရေးတို့ ဖြစ်ပါတယ်။ ပြည်သူလူထုကြီး အားပေးမှုနဲ့ အကြံပြုချက်တွေကို ခံယူလိုပါတယ်” လို့ ပြောပါတယ်။

ပါတီဦးဆောင်သူထဲမှာ တဦးအပါအ၀င်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်း ဦးဝင်းဦးက ဘယ်ပါတီ မဲပြားစေဆိုပြီး ပါတီထောင်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ပါတီက ထောင်တာ ကျနော်တို့ တဦးတည်း မဟုတ်ပါဘူး၊ ပါတီတွေအများကြီးပါ။ ပါတီအများကြီးထောင်ထားတဲ့အထဲမှာ ကျနော်တို့က တခုပါတာပါ။ အဲ့ဒီတော့ ကျနော်တို့က ဘယ်သူ့မဲပြားအောင် ဘယ်ဟာမဲပြားအောင် ဆိုတာထက်  ကိုယ်လုပ်ရမယ့်တာဝန်ကို လုပ်တာပါခင်ဗျ၊”

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဦးဆောင်မယ့်သူတွေထဲမှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်းတွေနဲ့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013