DVB Logo
Home
မြန်မာသတင်း
တရားမဝင်ငွေလွှဲလုပ်ငန်းများကို တရားဝင်ဖြစ်လာအောင် လုပ်ပေးမည်
DVB
·
February 4, 2019
တရားမဝင်ငွေလွှဲလုပ်ငန်းများကို တရားဝင်ဖြစ်လာအောင် လုပ်ပေးမည်
Donate to DVB

မြန်မာနိုင်ငံမှာ တရားမဝင်ငွေလွှဲနေကြတာက တရားဝင်လွှဲတာထက်ပိုများနေပြီး ဥပဒေရဲ့ လွှမ်းမိုးတာ အားနည်းနေလို့ တရားမဝင်ငွေလွှဲလုပ်ငန်းတွေကို တရားဝင်ဖြစ်လာအောင် လုပ်ပေး တော့မယ်လို့  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မန်တုံမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါ်နန်းမိုးက တရားမဝင်ငွေလွှဲ ဝန်ဆောင်မှု (ဟွန်ဒီ)နဲ့ ပတ်သက်ပြီး မေးမြန်းလို့ ပြန်ဖြေရာမှာ ပြောခဲ့တာပါ။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့  နိုင်ငံသားတယောက်ကို တပတ်မှာ ဒေါ်လာ တသောင်းအထိပဲ တရားဝင် စုစုပေါင်း ငွေလွှဲခွင့်ပြုထားတယ်လို့ ဦးဘိုဘိုငယ်က ပြောပါတယ်။

“တရားမဝင်လွှဲတာက ပိုများနေပါတယ်။ အဲဒီအတွက် Financial Action Task Force ဆိုတဲ့ Reviewမှာဆိုရင် ကျနော်တို့ နိုင်ငံအနေနဲ့ ထိခိုက်မှု ရှိလာနိုင်ပါတယ်။ ဒီလိုတရားမဝင်လွှဲတဲ့ ငွေပမာဏများရင် ဒီဟာတွေဟာ ဘယ်ကို လွှဲနေသလဲဆိုတာကို တိုင်းပြည်ရဲ့ အစိုးရက သေချာမသိဘူး၊ သက်ဆိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်းက မသိဘူးလို့ ယူဆတဲ့ အခါမှာ ဒါတွေက အခက်အခဲ ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

ဥပဒေရဲ့ လွှမ်းမိုးထိရောက်မှု အားနည်းနေတယ်ဆိုတာ ဗဟိုဘဏ်က လက်ခံပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေမှာ ဒဏ်ကြေးနဲ့ ထောင်ဒဏ်က နိမ့်နေတာကြောင့် ဒါကို ပြင်မယ်လို့လည်း ပြောပါတယ်။

ပြည်ပနဲ့ ကုန်သွယ်တဲ့အခါ တန်ဖိုးကို လျှော့ပြပြီး လိုတဲ့ငွေကို တရားမဝင် ငွေလွှဲနည်းနဲ့ လွှဲကြတယ်လို့လည်း ဗဟိုဘဏ် တာဝန်ရှိသူက ပြောပါတယ်။

“ကုန်သွယ်မှုအတွက် လွှဲပို့တဲ့ငွေနဲ့ ကုန်သွယ်မှုအတွက် မဟုတ်တဲ့ လွှဲပို့ငွေဆိုပြီး  နှစ်ပိုင်းရှိပါတယ်။ ကုန်သွယ်မှုအတွက် လွှဲပို့တဲ့ငွေကတော့ အကန့်အသတ်မရှိပါဘူး။ ကုန်သွယ်မှု မဟုတ်တဲ့ နိုင်ငံခြားကို ဆေးသွားကုမယ်၊ ညီလာခံတက်မယ်၊ ပညာသင်စရိတ်တွေ၊ စာမေးပွဲတွေ အတွက် အများဆုံး ဒေါ်လာ တသောင်းအထိကို အထောက်အထားတွေ စိစစ်ပြီးတော့ လွှဲပို့ခွင့်ရှိပါတယ်။ အဲဒီထက် ပိုများတဲ့ ပမာဏကို လွှဲပို့မယ်ဆိုရင်တော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို ခွင့်ပြုချက်ယူရပါတယ်” လို့ ပြောပါတယ်။

ငွေလွှဲခွင့်ရထားတဲ့ ဘဏ်တွေရဲ့ လုပ်ငန်းကြန့်ကြာ တာကြောင့် တရားမဝင်နည်းတွေကို သုံးစွဲနေကြတာလို့  မေးမြန်းတဲ့ ကိုယ်စားလှယ်က ဝေဖန်ထောက်ပြပါတယ်။

တရားမဝင် ငွေလွှဲတာတွေကို ထိန်းကြောင်းမယ့် အစီအစဉ်တခုကို ထိုင်း၊ စင်ကာပူနဲ့ အမေရိကန်က သက်ဆိုင်ရာ ပညာရှင်၊ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး ၂၀၁၉ ဇန်နဝါရီလထဲမှာ အပြီးသတ် ရေးဆွဲနိုင်ခဲ့ပြီဖြစ်လို့ မကြာခင် ဒါရိုက်တာ အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာ ကော်မတီကို တင်ပြမယ်လို့ ဦးဘိုဘိုငယ်က ပြောပါတယ်။

ဒီအစီအစဉ်က တရားမဝင် ငွေလွှဲလုပ်ငန်းတွေကို တရားဝင်လာအောင် လုပ်ပေးမယ့် အစီအစဉ် ဖြစ်တယ်လို့လည်း ပြောပါတယ်။

“အသစ်ဆွဲတာမှာ အမေရိကန်ဒေါ်လာ ၅၀၀ အောက် ပမာဏကို လိုအပ်တဲ့ တချို့ အချက်အလက်လောက်ပဲ မေးမြန်းပြီးတော့ (အဲဒီအချက်အလက်တွေကို) တနှစ် သိမ်းဆည်းထားဖို့ စည်းမျဉ်း ထုတ်ထားပါတယ်။ တကယ်လို့ ၅၀၀ ထက်ပိုတဲ့ ငွေကို ဆိုရင်တော့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ အထောက်အထားတွေ၊ စည်းမျဉ်းတွေ၊ ဘာကြောင့် လွှဲတယ်ဆိုတဲ့ အကြောင်းရင်းတွေကို ငွေလွှဲလက်ခံတဲ့ လိုင်စင်ရသူက တောင်းခံပြီးတော့ ငါး နှစ်တာ သိမ်းဆည်း ထားရမှာ ဖြစ်ပါတယ်”

ပြီးတော့ ငွေလွှဲလိုင်စင်ထုတ်မပေးခင်မှာ ပြည်ထဲရေးနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က ဖွင့်လှစ်မယ့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး သင်တန်းကို တက်ရောက်ပြီး အောင်မြင်ရမယ်လို့လည်း ဆိုပါတယ်။ ဒီအစီအစဉ်ကို ဒီနှစ်အတွင်းပြီးစီးအောင်လုပ်မယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်းမှာ ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားတဲ့ နိုင်ငံပိုင် ဘဏ် ၃ ဘဏ်၊ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်၊ နိုင်ငံခြားဘဏ်တွေရဲ့ ဘဏ်ခွဲ ၁၃ ဘဏ်၊ စုစုပေါင်း ၃၅ ဘဏ်ဟာ ပြည်ပကို ငွေလွှဲလုပ်ခွင့် ရရှိထားပါတယ်။

ပြည်တွင်းဘဏ် ၁၉ ဘဏ်ထဲမှာ ၁၃ ဘဏ်ကတော့ Western Union၊  Money Gram နဲ့ True Money ဆိုတဲ့ နိုင်ငံတကာ ငွေလွှဲလုပ်ငန်းတွေနဲ့ပေါင်းပြီးတော့  ငွေလွှဲဝန်ဆောင်မှု ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013