DVB Logo
Home
မြန်မာသတင်း
မန္တလေးကျုးကျော်များ စက်တင်ဘာ ၂၉ ရက် နောက်ဆုံးထား ဖယ်ပေးရမည်
DVB
·
September 23, 2012
မန္တလေးကျုးကျော်များ စက်တင်ဘာ ၂၉ ရက် နောက်ဆုံးထား ဖယ်ပေးရမည်
Donate to DVB

မန္တလေးမြို့က ကျုးကျော်တွေ လာမယ့်စက်တင်ဘာ ၂၉ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အသိပေးပြောကြားလိုက်ပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်မောင်းက စက်တင်ဘာ ၂၂ ရက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_31178" align="alignright" width="277" caption="စက်တင်ဘာလ ၂၀ ရက်နေ့ကနေအိမ်တွေ မဖျက်ရန် ဒေသခံများ တောင်းပန်နေစဉ်"][/caption]

စက်တင်ဘာ ၂၉ ရက် နောက်ဆုံးထား ဖယ်ရှားဖို့ မြို့တော်ဝန် ကိုယ်တိုင် ပြည်ကြီးတံခွန်မြို့နယ်ထဲက ကံကြီးကုန်း ကျေးရွာမှာ မနေ့က လာရောက် ပြောဆိုခဲ့ပြီး ၊ ဒေသခံပြည်သူတွေက မကျေနပ်တာကြောင့် မြို့တော်ဝန်ကားကို ပိတ်ဆို့ထားတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနောက် မန္တလေး ၈၈ မျိုးဆက်ကျောင်းသားတွေရောက်လာပြီး မြို့တော်ဝန်နဲ့ ညှိနှိုင်းချက်အရ ၁ ပတ်အချိန် ပေးတဲ့အကြောင်း ပြောပြလို့ ဒေသခံတွေ လူစုခွဲသွားခဲ့ကြပါတယ်။

အဲ့ဒီနေ့ညနေမှာပဲ မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲလုပ်ပြီး အခုလို အသိပေး ပြောဆို လိုက်တာပါ။

အခုဖြစ်နေတဲ့ မြို့တော်စည်ပင်နဲ့ ကျုးကျော်နေထိုင်သူ ဆိုသူတွေအကြား ၀င်ရောက် ညှိနှိုင်း ဖြေရှင်းပေးနေတဲ့ မန္တလေး ၈၈ ကျောင်းသား ကိုကျော်ဇေယျက အခြေအနေကို ခုလို ပြောပြပါတယ်။

“အပြင်ကကြားတာတွေကတော့ အများကြီးပဲ။ တချို့ကလည်း ဒါကို မူရင်း ဂရန်ရှိသူတွေက တိုင်လို့ ရှင်းခိုင်းတယ်ပြောတယ်။ မြို့တော်ဝန်ပြောသွားတာတော့ ဒီနေရာကို မြို့ကွက်သစ်ပြန်ဖော်ပြီး မူရင်းပိုင်ရှင်တွေကို ပြန်ပေးရမှာဖြစ်တဲ့အတွက် ရှင်းလင်းခြင်းဖြစ်တယ် လို့တော့ ပြောသွား တယ်။ ကျနော်တို့က မူ ၂ ချက်နဲ့သွားတာပေါ့။ ပထမအချက်က ရနိုင်သမျှ ၃ လလောက် အချိန်ရွှေ့ဆိုင်းပေးစေချင်တယ်။ ဒီလူတွေဟာ ပြောင်းရမယ့် အခက်အခဲ၊ ကျောင်းနေပညာရေး အခက်အခဲဖြစ်မယ်၊ မိုးတွင်းကာလကြီးဆိုတော့လေ။ အဲလိုမေတ္တာရပ်ခံခဲ့တယ်။ ရွှေ့မယ်၊ ၃ လအတွင်းမှာ ပြည်သူနဲ့ အစိုးရတို့ စကားပြောကြမယ်။ ဒါပေမယ့် ၃ လ မရဘဲ ၁ ပတ်ပဲရတယ်။ ၃ လလောက်ပေးမယ်ဆိုရင်တော့ ဒုတိယစဉ်းစားထားတဲ့ တရားဥပဒေအရ ဘယ်လိုအဖြေရှာမလဲဆိုတဲ့ အဆင့်ကို တက်မယ်ပေါ့။”

စည်ပင်က ဖယ်ရှားပေးဖို့ ပြောနေတဲ့ ရပ်ကွက်တွေမှာ မြေကွက်ပေါင်း ၅၀၀၀ ကျော်ရှိပြီး၊ အိမ်ဆောက်ပြီး ၀င်ရောက် နေထိုင်နေတဲ့ အိမ်ထောင်စုပေါင်းက  ၅၀၀ လောက်ရှိတယ်လို့လည်း ပြောပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက အချိန်ထပ်မပေးနိုင်တော့တဲ့အကြောင်း အခုလို ပြောပါတယ်။

“ဇွန်လကတည်းက ကျနော်တို့ အကြိမ်ပေါင်းများစွာ မြို့တော်ဝန်ကိုယ်တိုင် လေးငါးခါ ခေါ်ပြောပြီးသား။ အခုမှကောက်ပြီး ထလုပ်တာမဟုတ်ဘူး။”

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ အပတ်ကစပြီး ကျုးကျော်အိမ် ဖယ်ရှားရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ စည်ပင်သာယာက ဆောင်ရွက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013