DVB Logo
Home
မြန်မာသတင်း
နာဂနယ်မြေရှိ အာသံနှင့် ကသည်းတပ်ဖွဲ့စခန်းများကို သိမ်းပိုက်ရရှိဟု တပ်မတော်ထုတ်ပြန်
DVB
·
February 4, 2019
နာဂနယ်မြေရှိ အာသံနှင့် ကသည်းတပ်ဖွဲ့စခန်းများကို သိမ်းပိုက်ရရှိဟု တပ်မတော်ထုတ်ပြန်
1 / 4
Donate to DVB

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ဌာနချုပ်နယ်မြေအတွင်းရှိ အာသံနဲ့ ကသည်းတပ်ဖွဲ့တွေရဲ့ စခန်းတွေနဲ့ သင်တန်းကျောင်းတွေကို သိမ်းပိုက်ရရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ တကားကျေးရွာ အနောက်တောင်ဘက် မီတာ ၆၅၀၀ ခန့်နဲ့  မီတာ ၂၈၀၀ ခန့်အကွာရှိ စခန်းနှစ်ခုနဲ့ သင်တန်းကျောင်းနေရာနှစ်ခု၊ တကားကျေးရွာ မြောက်ဘက်မီတာ ၁၈၀၀ ခန့် အကွာရှိ ယာယီအခြေပြုနေရာ တခု၊ တကား ကျေးရွာ အနောက်ဘက် မီတာ ၁၆၀၀ ခန့်အကွာရှိ စခန်း တခုတို့ကို ရှင်းလင်းသိမ်းပိုက်ရရှိ ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကား ကျေးရွာအနီးတ၀ိုက်ရှိ NSCN-K စခန်းနဲ့  အနီးပတ်ဝန်းကျင်နေရာတွေမှာ အာသံနဲ့ ကသည်း လက်နက်ကိုင်အဖွဲ့တချို့ဟာ NSCN-K) အဖွဲ့အသွင်နဲ့ ဖြန့်ခွဲအခြေပြုပြီး စစ်သင်တန်းတွေ ဖွင့်လှစ်ဆောင်ရွက်နေတာကို မသင်္ကာဖွယ် အထောက်အထားတွေ ခိုင်လုံစွာတွေ့ရှိရလို့ တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

ဖြစ်စဉ်အတွင်း NSCN-K အဖွဲ့ဝင် ခြောက်ဦး၊ ကသည်း တပ်ဖွဲ့ဝင် နှစ်ဦး အပါအဝင် လက်နက်ငယ်မျိုးစုံ ၁၁ လက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တယ်။

ကသည်းနဲ့ အာသံတပ်ဖွဲ့ဝင်တွေ နေထိုင်ခဲ့တဲ့ အထောက်အထားတွေ၊ စာရွက်စာတမ်း တွေနဲ့အဲ့ဒီတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ခဲ့တဲ့ အထောက်အထားတွေကိုလည်း  သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

NSCN-K အဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သဘောတူချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေး ပဏာမသဘောတူညီချက်ကို ချိုးဖောက်ခဲ့လို့  လိုအပ်သလို ဆက်လက် အရေးယူမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်ယွန်းမြို့နယ်ရှိ တကားကျေးရွာအနီးရှိ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ဌာနချုပ်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခန္တီးအခြေစိုက်ဗျုဟာက အင်အား ၄၀၀ လောက်နဲ့ ဝင်ရောက်ခဲ့တာလို့ (NSCN-K) ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝမ်းစိန်က ဒီဗွီဘီကို ပြောပါတယ်။

အစိုးရနဲ့ချုပ်ဆိုထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် မပျက်ပြားစေချင်တာနဲ့ ဒေသတည်ငြိမ်အေးချမ်းစေချင်တာကြောင့် စခန်းကနေ ဖယ်ရှားပေးလိုက်ရတာလို့လည်း ပြောပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013