DVB Logo
Home
မြန်မာသတင်း
စာနယ်ဇင်းကောင်စီနှင့် လွှတ်တော်ရေးရာကော်မတီ ဆွေးနွေး
DVB
·
September 23, 2012
Donate to DVB

အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ စာနယ်ဇင်းကောင်စီနဲ့ လွှတ်တော်ရေးရာ ကော်မတီတခုတို့ ဒီနေ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့် ခေါင်းဆောင်တဲ့ ရေးရာကော်မတီဝင်တချို့ဟာ ရန်ကုန်မြို့မှာ စာနယ်ဇင်းကောင်စီအဖွဲ့နဲ့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုက ရရှိတဲ့ အကျိုးအမြတ်ကို ကောင်စီအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဇော်သက်ထွေးက ခုလို ပြောပါတယ်။

“ဒီနေ့တွေ့ဆုံမှုက ပြည်သူ့လွှတ်တော်နဲ့ မီဒီယာသမားတွေကြားမှာ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ဆိုတာ ဖော်ထုတ်ပြသတဲ့ ပွဲဖြစ်ပါတယ်။ ရှေ့ဆက်ပြီး စာနယ်ဇင်းကောင်စီရယ်၊ လွှတ်တော်ရဲ့ ရေးရာကော်မတီရယ်၊ အစိုးရ ကက်ဘိနက်ရယ် ပူးပေါင်းပြီး မီဒီယာသမားတွေအတွက် အသင့်တော်ဆုံး အကာကွယ်ပေးနိုင်တဲ့ ဘယ်လိုဥပတွေကို လုပ်ကြမယ်ဆိုတဲ့ အကြံဥာဏ်တွေကို အရင်ကထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်နိုင်တော့မယ်ဆိုတဲ့ အခြေအနေတရပ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

“သို့သော် ဒီလိုမျိုးအတွေးအခေါ်တွေကို စုစည်းတဲ့အခါမှာ version (အဆို) တွေများတဲ့အတွက် အချိန်ကာလတခုယူရမယ်၊ တယောက်နဲ့တယောက် ကျေလည်အောင် ညှိနှိုင်းဆောင်ရွက်သွားရမယ်။ ဘာလို့လဲဆိုတော့ အလွှာတွေများပြီး version တွေ အများကြီးရှိတော့ တသံတည်းထွက်ဖို့ဆိုတာ အခက်အခဲ ရှိပါတယ်။ ဒီအပေါ်မှာ ဦးဆောင်ဦးရွက်ပြုတဲ့သူတွေရဲ့ သည်းခံနိုင်စွမ်းရှိမှုနဲ့ ဥာဏ်အမြော်အမြင်ရှိမှုက အရေးပါလာတာကို တွေ့ရပါတယ်။”

လွှတ်တော်ရေးရာကော်မတီအနေနဲ့ မီဒီယာသမားတွေနဲ့ နီးနီးကပ်ကပ်ထိစပ် ဆက်ဆံသွားဖို့လိုတဲ့အတွက် လာရောက် တွေ့ဆုံတာဖြစ်ပါတယ်။

ဒါ့အပြင် မီဒီယာဥပဒေရေးဆွဲတဲ့အခါမှာ ဘယ်လိုစီမံ ဆောင်ရွက်ကြမလဲ ဆိုတာနဲ့ စာနယ်ဇင်းကောင်စီမှာ စာနယ်ဇင်းလောကသားအားလုံး ပါဝင်နိုင်ရေး ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

စာနယ်ဇင်းကောင်စီမှာ အထက်မြန်မာပြည်က စာရေးဆရာ၊ သတင်းစာဆရာတွေ မပါဝင်တဲ့အတွက် အားလုံး ပါဝင်နိုင်ဖို့ လွှတ်တော်ရေးရာကော်မတီကို တင်ပြထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂနဲ့  မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂတို့အပါအ၀င် အားလုံးပါဝင်နိုင်ဖို့ လွှတ်တော်ရေးရာ ကော်မတီက တိုက်တွန်းတင်ပြခဲ့ပြီး၊ စာနယ်ဇင်းကောင်စီအနေနဲ့လည်း စာနယ်ဇင်း လောကသားတွေ အကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းထားပြီးဖြစ်ပေမယ့် အခုအချိန်အထိ ကောင်စီအစည်းအဝေးတွေ မခေါ်ယူနိုင်သေးဘဲ  စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ ကိုဇော်သက်ထွေးက ပြောပါတယ်။

“ကျနော်တို့ကောင်စီက အစိုးရဆီကနေ ဘာအကူအညီမှ မယူတဲ့အတွက် နေရာအခက်အခဲနဲ့ ဘဏ္ဍာရေးအခက်အခဲ ရှိနေပါတယ်။ ပထမဆုံး အစည်းအဝေးကို လုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဒီအတွက်လည်း အတွင်းရေးမှူးတို့၊ တွဲဖက်အတွင်းရေးမှူးတို့၊ ဒုဥက္ကဋ္ဌတို့၊ ဥက္ကဋ္ဌတို့က ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အဲလို အစည်းအဝေးလုပ်ရမယ်၊ လုပ်ငန်းတာဝန်ခွဲရမယ်၊ မပါသေးတဲ့သူတွေကို ကောင်စီထဲမှာ ပါအောင် ကျနော်တို့က ပြုပြင်ရမယ်။ ကောင်စီရဲ့ လုပ်ငန်းတာဝန်တွေက ပွင့်လင်းမြင်သာမှု ရှိလာမယ်၊ မီဒီယာသမားတွေရဲ့ အကျိုးကို လက်တွေ့အကောင်အထည်ဖော်နိုင်ရမယ်ဆိုတာ လတ်တလော စိမ်ခေါ်နေတဲ့ အချက်တွေပဲ။”
စာနယ်ဇင်းကောင်စီကို စက်တင်ဘာ ၁၇ ရက်က ရန်ကုန်မြို့မှာ အဖွဲ့ဝင် ၃၀ နဲ့ ဖွဲ့စည်းခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013