DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် မူးယစ်ဆေးဝါးစွဲသည့် လူငယ်များပြား
DVB
·
September 21, 2012
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ မူးယစ်ဆေးဝါးကို လိုသလို ၀ယ်ယူနိုင်ပြီး လူငယ်တွေဟာ မူးယစ်ဆေးဝါးစွဲနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘိန်းဖြူ၊ ဘိန်းမဲနဲ့ မူးယစ်ဆေးဝါးတွေကို လိုသလို ၀ယ်ယူရနေတာကြောင့် လူငယ်တွေ မူးယစ်ဆေးဝါးစွဲနေကြတာကို စိုးရိမ်သူတွေက အရေးယူဆောင်ရွက်ဖို့ လိုလားနေကြတာပါ။

လူငယ်တွေရဲ့ ၅ ပုံ ၄ ပုံဟာ မူးယစ်ဆေးဝါးကို မှီဝဲနေကြပြီး သုံးစွဲသူထဲက ၁၀ ပုံ ၁ ပုံဟာ အမျိုးသမီးငယ်တွေဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်တဲ့ မူးယစ်ဆေးတွေက ဘိန်းဖြူ၊ ဘိန်းမဲနဲ့ စိတ်ကြွဆေးပြားတွေဖြစ် ပါတယ်။ ငွေကြေးမတတ်နိုင်သူက ဘိန်းဖြူထိုးပြီး တခါထိုးရင်ကျပ်ငွေ ၅၀၀ နဲ့ အလွယ်တကူ ၀ယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တခါသုံးအပ်တွေ ကမ္ဘာ့ကျန်းမာရေးက ဝေငှတာကြောင့် အိပ်ခ်ျအိုင်ဗွီလို သွေးကနေ ရောဂါပိုးကူးစက်မှုတော့ နည်းတယ်လို့ ဆိုပါတယ်။ ငွေကြေး တတ်နိုင်သူ အနည်းအကျဉ်းသာ စိတ်ကြွဆေးပြားမှီဝဲကြတယ်လို့ ဆိုပါတယ်။

မြို့ခံလူငယ်တဦးက “မူးယစ်ဆေးဝါးတွေက တအားပြန့်တယ်။ ဒီက လူငယ် ၈၀ ရာခိုင်နှုန်းလောက် အကုန်လုံးကိုလုပ်နေတာ။ သူက ဈေးနည်းနည်းနဲ့ ရလွယ်တယ်လေ။ ဒီဘက်မှာ တအားပေါတယ်လေ။ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း ရွှေလုပ်တဲ့သူ၊ သစ်လုပ်တဲ့သူ အကုန်လုံးလိုလို လူငယ်မှန်ရင် ဒါပဲလုပ်နေကြတာ။”

လူငယ်တွေထဲမှာ တ၀က်လောက်ဟာ ကျောင်းနေနိုင်ပြီး ကျန် တ၀က်လောက်ဟာ ကျောင်းမနေကြဘဲ အလုပ်အကိုင် အခွင့်အလမ်းကလည်း မရှိ၊ အနာဂတ်လည်းပျောက်သလိုဖြစ်ပြီး မူးယစ်ဆေးဝါးသုံးတာ တွင်ကျယ်လာနေတာလို့ ပြောပါတယ်။

ကျောင်းသူတွေကြားမှာတော့ ယာဘစိတ်ကြွဆေးပြားသုံးစွဲတဲ့အလေ့ရှိပြီး ဆေးပြား ၃ ပြားကို ကျပ် ၅ ထောင်၊ တပြားတည်းဆို ကျပ် ၂ ထောင်နှုန်းပဲ ပေးရတယ်လို့ ဆိုပါတယ်။

မြို့ခံအမျိုးသမီးတဦးက “အလုပ်အကိုင်မရှိတော့ တရုတ်နယ်စပ်ဘက်ကို သွားတုန်းက ကယ်ရီလုပ်ကြရင်း သယ်လာကြတယ်၊ ရောင်းကြတယ်။ အမျိုးသမီးထဲမှာလည်း ရှိလာကြတယ်။ ဆေးပြားလေးတွေလုပ်ကြတယ်။ လူငယ်လေးတွေပေါ့ ကျောင်းလာတက်ကြတဲ့ ကလေးတွေ ဗန်းမော်တက္ကသိုလ်စဖွင့်နေပြီလေ။ ကျောင်းထဲမှာမနေကြဘဲ အပြင်အဆောင်တွေမှာနေကြရင်း လူငယ် အမျိုးသား အမျိုးသမီးလေးတွေ တော်တော်များများ ပျက်စီးလာကြတယ်။”

လာဘ်ပေးလာဘ်ယူမှုတွေကြောင့် သက်ဆိုင်ရာက အဓိက မူးယစ်ဆေးရောင်းဝယ်သူတွေကို မဖမ်းဘဲ အသေးအမွှားတွေကိုသာ ဖမ်းဆီးနေကြလို့ မူးယစ်ဆေးဝါး ပပျောက်ဖွယ်မမြင်ဘူးလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တွေကလည်း ထိထိရောက်ရောက်မလုပ်ဘူးလို့ မြို့ခံအမျိုးသမီးနဲ့ လူငယ်က ပြောပါတယ်။

“ပညာပေးကတော့ ဘာမှမလုပ်ဘူး။ နည်းနည်းပါးပါးလက်ထဲမှာ ဖမ်းမိတာဆိုရင် ထောင်ချတယ်။ ကြီးကြီးမားမားဆိုရင် သူတို့အချိတ်အဆက်နဲ့ သူတို့ ပိုက်ဆံတောင်းပြီး နေနေတာ။”

“မိတယ်ဆိုတာလည်း အပေါ်ယံကြောလောက်ပါပဲ။ အစားထိုးကြွေးလိုက်တဲ့ လူလောက်ပဲ ဖမ်းသွားတာပေါ့။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မိုးညှင်း၊ မိုးကောင်း၊ မော်လူး၊ မော်ဟန်ဘက်၊ ကောလင်းဘက်တွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာပါ။”
မြို့ခံတွေရဲ့အပြောအရ ဗန်းမော်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်ကတည်းက မူးယစ်ဆေးဝါးသုံးစွဲမှုကို ထိထိရောက်ရောက်မနှိမ်နင်းခဲ့ရာက ပိုဆိုးလာနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013