DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် ဒုက္ခရောက်ပြီး နေရပ်ပြန်လာသူ ၆ ဦးကို ထောက်ပံ့ငွေ ပေးအပ်
DVB
·
February 3, 2019
တရုတ်တွင် ဒုက္ခရောက်ပြီး နေရပ်ပြန်လာသူ ၆ ဦးကို ထောက်ပံ့ငွေ ပေးအပ်
Donate to DVB

တရုတ်နိုင်ငံကို တရားမဝင် အလုပ်သွားလုပ်ရာက ဒုက္ခရောက်ပြီး နေရပ်ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကနေ လူခေါ်ပွဲစားကတဆင့် အထည်ချုပ်စက်ရုံမှာ တလကို ၆ သိန်းကျပ်နဲ့ အလုပ်လုပ်ရမယ်ဆိုပြီး တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော် ဂိတ်ကနေ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အလုပ်သမားတွေ ဒုက္ခရောက်ပြီး ၃ လအကြာမှာ နေရပ်ပြန်လာနိုင်ခဲ့တာပါ။

အခက်အခဲတွေ အမျိုးမျိုးကြားကနေ နေရပ်ပြန်ရောက်လာတဲ့ အလုပ်သမား ၆ ယောက်ကို မုံရွာမြို့ခံ ၈၈ ငြိမ်းပွင့်၊ လူကုန်တားရဲတပ်ဖွဲ့၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်၊ ဝန်ကြီး၊ ဝန်ကြီးချုပ်တို့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို မေးမြန်းပြီး ၁ ယောက်ကို ၁ သိန်းကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကာ ဖေဖော်ဝါရီ ၁ ရက်နေ့က နေရပ်အရောက် ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။

နေရပ်ပြန်ရောက်လာသူတွေက ပုလဲမြို့နယ်၊ ကြက်ရင်းကျေးရွာကဖြစ်ကာ အသက် အငယ်ဆုံး ၁၈ နှစ်ကနေ ၃၈ နှစ်ထိပါဝင်ပြီး အမျိုးသမီး ၂ ဦး၊ အမျိုးသား ၄ ဦးဖြစ်ပါတယ်။

အလုပ်သွားလုပ်စဉ်က တခြားသောနယ်က အလုပ်သမားတွေလည်း အများကြီး တွေ့ခဲ့ရပြီး အခက်အခဲတွေလည်း အားလုံး ကြုံနေကြရတယ်လို့ ဆိုပါတယ်။

ပွဲစားတွေပြောတဲ့အတိုင်း မဟုတ်ဘဲ ပင်လယ်ကမ်းစပ်ကိုပို့ကာ ခွေး၊ ရေဘဝဲ စတာတွေကို ရေခဲရိုက်ပေးရတဲ့ စက်ရုံတွေမှာ လုပ်ခဲ့ရပြီး တရက်လုံးမှ ၁ နာရီလောက်သာ အိပ်ခွင့်ပေးတာ၊ မဝရေစာကျွေးတာ၊ ပါလာတဲ့ ဖုန်းတွေ သိမ်းတာ၊ လုပ်ခမရှင်းပေးတာတွေဖြစ်ခဲ့ပြီး ကျန်းမာရေးမကောင်းရင်တောင် ဆွဲပြီး အတင်းအဓမ္မအလုပ်ခိုင်းတာတွေကြောင့် မနေနိုင်တဲ့အတွက် စက်ရုံကထွက်ပြေးကာ ရဲစခန်းမှာ အကူအညီတောင်းခဲ့ရာကနေပြီး အခုလို ပြန်ခွင့်ရခဲ့တာလို့ မခင်မာဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ လကလည်း စစ်ကိုင်းတိုင်းအတွင်းကပဲ ၄၅ ယောက်အဖွဲ့နှင့် ၁၅ ယောက် အဖွဲ့ ၂ ဖွဲ့ကို တိုင်းအစိုးရကနေ ကူညီကာ နေရပ်ပြန်ရောက်အောင် လုပ်ဆောင်ခဲ့ရပါသေးတယ်။

တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ မန်ဝိန်းဂိတ်နှင့် ချင်းရွှေဟော်ဂိတ် ၂ ခုထဲကတင် လူကုန်ကူးခံရတာ မဟုတ်ဘဲ တရုတ်ရဲတပ်ဖွဲ့က ပြန်လည်လွှဲပြောင်းပေးတာ ၂၀၁၈ ခုနှစ်မှာတင် စစ်ကိုင်းတိုင်းက လူဦးရေ ၁၅၀၀ ကျော် ရှိတယ်လို့ လူကုန်တားစာရင်းတွေအရ သိရပါတယ်။

နောက်ထပ်လည်း တရားမဝင်အလုပ်သွားလုပ်နေသူတွေ အများကြီးရှိနေသေးပြီး တိုင်းအစိုးရကို အကူအညီတောင်းခံထားတာတွေလည်း ရှိနေကာ ပြန်လည် ကယ်ထုတ်နိုင်ရေး လုပ်ဆောင်နေပါတယ်။

တရားမဝင်အလုပ်သွားလုပ်တာဖြစ်ပေမယ့် ကိုယ့်နိုင်ငံသား သူများနိုင်ငံမှာ ဒုက္ခရောက်နေရင် ကူညီကယ်ဆယ်ရမယ့် တာဝန်ရှိတယ်လို့ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးက ပြောဆိုထားပါတယ်။

လတ်တလောမှာလည်း တရုတ် ပင်လယ်ကမ်းစပ်က စက်ရုံတွေမှာ ကျန်ခဲ့သူတချို့က စက်ရုံဝင်း အပြင်တောင် ထွက်ခွင့်မပေးဘဲ ပိတ်လှောင်ထားလို့ ထွက်ပြေးကာ ရဲစခန်းမှာ အဖမ်းခံတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း တရုတ်နိုင်ငံကိုဆိုရင် လူခေါ်ပွဲစားတွေက ဘယ်လိုပြောပြော မလိုက်ကြဖို့ နီးစပ်ရာကိုလည်း တိုက်တွန်းသွားမယ့်အပြင် အခုကိစ္စကိုလည်း အမှုဖွင့်သွားမယ်လို့ ပြန်ရောက်လာသူတဦးကလည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013