
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က မိုးဗြဲအနောက်ခြမ်းကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဇူလိုင် ၂၆ ရက်မှာ ပြောပါတယ်။
ဇူလိုင်လ တတိယအပတ်ထဲမှာ စစ်တပ်က စစ်ကြောင်းထိုးလိုက်၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်လိုက် လုပ်နေတာကြောင့် ဒေသခံတွေဟာ စိုက်ပျိုးထားတာတွေကိုပါထားရစ်ပြီး နေရာရွှေ့ပြောင်းကြရတယ်လို့ သိရပါတယ်။
မြေပြင်သတင်းရင်းမြစ်တယောက်က “စစ်ကောင်စီဘက်က တိုးလာလို့ရှိရင် သူတို့က ထပ်ရွှေ့၊ စစ်ကြောင်းထိုးပြီးဆိုရင် လက်နက်ကြီးလည်း ပါတာပေါ့နော်။ အဲဒါကြောင့် သူတို့က ဆုတ်ဆုတ်သွားတာ” လို့ ပြောပါတယ်။
နေရာရွှေ့ပြောင်းကြသူတွေဟာ နီးစပ်ရာ အသိမိတ်ဆွေနဲ့အတူ ရွှေ့ပြောင်းနေကြပြီး အိမ်ခြေ ၅၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ ရွှေ့ပြောင်းရသူတွေအတွက်လည်း မိုးကာနဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတာပါ။
မိုးဗြဲမြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ တနှစ်ကျော်အထိ ရှိနေပြီး ခုလက်ရှိလည်း တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် မိုးဗြဲအနောက်ခြမ်းက လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ ခေါင်းစံလမ်းတို့ကို အသုံးမပြုကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထားပါတယ်။











