DVB Logo
Home
မြန်မာသတင်း
Lord Voldemort အမည်သုံး ခြိမ်းခြောက်ငွေညှစ်သည့် မြန်မာ ၁ ဦး စင်ကာပူတွင် ဖမ်းဆီးခံရ
DVB
·
February 2, 2019
Lord Voldemort အမည်သုံး ခြိမ်းခြောက်ငွေညှစ်သည့် မြန်မာ ၁ ဦး စင်ကာပူတွင် ဖမ်းဆီးခံရ
Donate to DVB

ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေထဲက နာမည်ကျော်ဗီလိန်ြံကီး Lord Voldemort ရဲ့နာမည်ကို အသုံးပြုကာ ဖောက်သည်တွေဆီ ခြိမ်းခြောက်ငွေညှစ်ခဲ့တဲ့ စင်ကာပူနိင်ငံက အာမခံကိုယ်စားလှယ်ဝန်ထမ်း မြန်မာနိုင်ငံသားတဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဇန်န၀ါရီ ၃၁ ရက်နေ့ OC သတင်းမှာတော့ ဒီပြစ်မှုကို ကျူးလွန်သူဟာ မြန်မာနိုင်ငံသား ရဲလင်းမြင့်ဆိုသူဖြစ်ပြီး သူဟာ Lord Voldemort ရဲ့စာလုံးပေါင်းကိုလည်း Lord Voldermort လို့ မှားယွင်းစာလုံးပေါင်းပြီး ငွေပေးဖို့ ခြိမ်းခြောက်စာတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမျိုးသားဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်က သူ့အမျိုးသမီးရဲ့ လက်တော့ပ်ကို အသုံးပြုကာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ မဖြည့်ရတဲ့ ဆွစ်ဇာလန်အခြေစိုက် အီးမေးလ် ဆားဗစ်တခုကနေ အီးမေးလ်အကောင့်တခု ဖွင့်ပြီး သူ့အတွက် ဖောက်သည် ဖြစ်လာနိုင်သူတွေနဲ့ သူ့ရဲ့အာမခံမူဝါဒတွေကို လက်မခံခဲ့သူတွေကို ပစ် မှတ်ထား ခြိမ်းခြောက်စာတွေ ပို့ခဲ့တာပဲဖြစ်ပါတယ်။

သူဟာ Bitcoin Wallet တခုကို ဖန်တီးခဲ့ပြီး သူ့အီးမေးလ်နဲ့ ချိတ်ဆက်ကာ ခြိမ်းခြောက်ခံရသူတွေဆီကနေ Bitcoin တောင်းခံခဲ့ပါတယ်။

“ခင်ဗျားနဲ့ ခင်ဗျားမိသားစုကို စောင့်ကြည့်နေတာဖြစ်ပြီး ခင်ဗျားဘယ်မှာနေလဲ၊ ဘာအလုပ်လုပ်တယ်ဆိုတာက အစသိ ထားပါတယ်။ ခင်ဗျားကို ခင်ဗျားတို့ မြန်မာအသိုင်းအဝိုင်းမှာ သိက္ခာချမယ်။ ခင်ဗျားအလုပ်ပြုတ်အောင်လုပ်ပစ်မယ်။ ပြီးတော့ ခင်ဗျားနဲ့ ခင်ဗျားမိသားစုတွေလည်း ထိခိုက်နာကျင်အောင် လုပ်ပစ်မယ်” လို့ ခြိမ်းခြောက်စာမှာ ရေးသားဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူဟာ ဒီလိုမျိုးခြိမ်းခြောက်စာတွေကို အနည်းဆုံး လူ ၃၃ ယောက်ထံ ပို့ခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေအရသိရပြီး သူဟာ ခြိမ်းခြောက်ခံရသူတယောက်ချင်းဆီကနေ ဒေါ်လာ ၄၈၀၀ ကနေ ၇၃၅၀ အတွင်းတန်ကြေးရှိတဲ့ Bitcoin ပေးပို့ တောင်းဆိုခဲ့ပါတယ်။ သူဟာ ပြောဆိုဆက်ဆံခဲ့ဖူးတဲ့ ဖောက်သည်တွေကိုသာမက သူတို့ရဲ့ အိမ်နီးချင်းတွေကိုလည်း ခြိမ်းခြောက်ခဲ့တာပါ။

ဒါပေမယ့် သူ့အတွက် ကံဆိုးစေခဲ့တာက ခြိမ်းခြောက်ခံရတဲ့သူတိုင်းက ရဲကို တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပြီး ခြိမ်းခြောက်ခံရသူတွေရဲ့ ထွက်ဆိုချက်နဲ့ DNA စစ်ဆေးချက်တွေ ပြုလုပ်အပြီးမှာတော့ Lord Voldemort အမည်ခံပြီး ခြိမ်းခြောက်ခဲ့သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲလင်းမြင့်ကို ရာဇဝတ်မှုဆိုင်ရာ ဆွဲချက် ၅ ခု၊ စင်ကာပူနိုင်ငံရဲ့ ထိခိုက်နာကျင်မှုဆိုင်ရာ ကာကွယ်ရေးပုဒ်မအရ ဆွဲချက် ၈ ခုတို့နဲ့အတူ ထောင်ဒဏ် ၂ နှစ်နဲ့ ၅ လ ချမှတ်ခဲ့ကာ ကျန်ဆွဲချက် ၃၀ အတွက် စဉ်းစားသုံးသပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013