DVB Logo
Home
မေးမြန်းခန်း
“တည်ငြိမ်အေးချမ်းအောင် ရှောင်ပေးလိုက်တာ” နာဂလက်နက်ကိုင်အဖွဲ့ပြောခွင့်ရ ဦးကျော်ဝမ်းစိန်
DVB
·
February 2, 2019
“တည်ငြိမ်အေးချမ်းအောင် ရှောင်ပေးလိုက်တာ” နာဂလက်နက်ကိုင်အဖွဲ့ပြောခွင့်ရ ဦးကျော်ဝမ်းစိန်
Donate to DVB

ဇန်နဝါရီလ ၂၉ ရက် နေ့လယ် ၁၁ နာရီက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်ယွန်းမြို့နယ်ရှိ တဂါးကျေးရွာအနီးက နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ဌာနချုပ်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခန္တီးအခြေစိုက်ဗျုဟာက အင်အား ၄၀၀ကျော် ၅၀၀ ဝန်းကျင်နဲ့ ဝင်ရောက်သိမ်းပိုက်နေရာယူခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးသလို နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ဘက်ကလည်း တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး (NSCN-K) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝမ်းစိန်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - နာဂအမျိုးသားဆိုလစ်ရှစ်ကောင်စီ (NSCN-K) ဌာနချုပ်ကို  တပ်မတော်က ဝင်ရောက်သိမ်းပိုက်ထားတယ်လို့ သတင်းကြားနေရတယ်။ အခြေအနေလေး ပြောပြပေးပါလား ခင်ဗျ။

ဖြေ - ဟုတ်ကဲ့။ အဲဒါ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ကျနော်တို့ NSCN-K ကောင်စီဌာနချုပ်ကို ဝင်ပြီးတော့မှ နေရာယူထားတယ်။

မေး - နေရာယူထားတယ်ဆိုတာက ဘယ်လိုပုံစံမျိုးလဲခင်ဗျ။ သိမ်းလိုက်တာလား။ ဘယ်လိုပုံစံမျိုးလဲ မရှင်းလို့ ပြောပြပေးပါဦး။

ဖြေ - နေရာယူထားတယ်ဆိုတာက ကျနော်တို့ စခန်းထဲက ကျနော်တို့ လူတွေအားလုံး ဖယ်ပေးလိုက်တယ်။ အဲဒီမှာ နေရာလာယူတာပေါ့။ ဘာကြောင့်ဆိုတော့ ကျနော်တို့က လက်နက်ကိုင် အချင်းချင်းဆိုတော့ မြန်မာအစိုးရနဲ့ ကျနော်တို့ NSCN ကြားမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်တွေရှိတယ်ဆိုတော့ ဒီဟာတွေကိုလည်း မပျက်ပြားစေချင်ဘူး။ နောက် ဒေသကိုလည်း တည်ငြိမ်အေးချမ်းအောင် ဖြစ်စေချင်လို့ ကျနော်တို့ ကောင်စီရဲ့ ဌာနချုပ်မှာ ရှိတဲ့ လူတွေကို ဖယ်ပေးလိုက်ရခြင်းဖြစ်တာပေါ့။

မေး - အစိုးရတပ် အင်အားဘယ်လောက်လောက်ရှိလဲ။  နာဂဘက်ကရော ဆုတ်ခွာပေးခဲ့ရတာ အင်အားဘယ်လောက်လောက်ရှိမလဲ ပြောပြပေးပါလား။

ဖြေ - ကျနော်တို့ဘက်ကတော့ ဌာနချုပ်ဆိုတော့ အင်အား ၁၀၀ ကျော်ကျော်လောက်ရှိတာပေါ့လေ။ တပ်မတော်ဘက်ကတော့ အဲဒီရက်ကဝင်တာက ၁၀၀ ကျော်ကျော်၊ ၂၀၀ နီးနီးလောက် ၀င်တာလားမသိဘူး။ အဲလိုနဲ့ ဖြည်းဖြည်းချင်းရောက်လာတာ ၄၀၀ ကျော်ကျော်လောက်မှာ ရှိနေပြီထင်တယ်။ သူတို့နေရာယူထားတာပေါ့။ သူတို့လာနေတာတော့ ကျနော်တို့ တဂါးစခန်းမှာ စခန်းနဲ့ အတူတူလာနေတာတော့ တပ်ရင်း ၁ ရင်းကတော့ ၁ နှစ်နီးနီးလောက်တော့ ရှိသွားပြီ။ အတူတူနေကြတာပေါ့။ သူတို့က ရွာမှာနေတယ်။

ကျနော်တို့က စခန်းမှာနေတယ်။ ရွာနဲ့ စခန်းဆိုပေမယ့် အဝေးကြီးမဟုတ်ပါဘူး။ ၂ ဖာလုံလောက်ပဲ ရှိမယ်ထင်တယ်။ အဲလိုပဲ ဆက်ဆံကြတာပေါ့။ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရှိတဲ့အခါကျတော့။ အဲလိုနေလာတာကနေ အခုကျမှ သူတို့က အလုံးအရင်းနဲ့ စခန်းကို နေရာလာယူသွားတယ်။ ဖယ်ပေးဖို့တော့ သူတို့ကလည်း ပြောပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း ပစ်ခတ်တိုက်ခတ်မှုတော့ မလိုချင်တာတော့ ရှိတာပေါ့လေ။ သူတို့လိုချင်တဲ့ ကိစ္စတွေ ပြီးစီးဖို့ရာဆိုတဲ့ သဘောမျိုးဖြစ်တဲ့အခါမှာ ကျနော်တို့က ရှောင်ပေးလိုက်တယ်။

မေး - ဟုတ်ကဲ့။ ဆရာတို့ ဌာနချုပ်က တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထိန်းသိမ်းခံရတာတွေရော ရှိလားဗျ။

ဖြေ - ကျနော်တို့ လူတွေ ထိန်းသိမ်းထားတာတော့ မရှိဘူး။

မေး - သတင်းကြားရတဲ့အရဆိုရင် နာဂစခန်းတွေ မီးရှို့ဖျက်ဆီးတာတွေလည်း ရှိတယ်ဆိုပြီးပြောတယ်။ အခြေအနေလေး ပြောပြပေးပါဦးဗျ။

ဖြေ - ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ထိတော့ ဘာမှ ပစ်ခတ်မှုတော့ မရှိဘူး။ မနေ့တနေ့က အိမ် သုံးလေးငါးလုံးလောက်တော့ မီးရှို့တယ်လို့တော့ သတင်းရတယ်။ သတင်းအတိအကျတော့ မရသေးဘူးပေါ့လေ။ ရှို့မယ်ဆိုလည်း သူတို့လက်ထဲမှာပေါ့နော်။ မရှို့ဘူးဆိုလည်း ဒါ သူတို့ အပိုင်းပါပဲ။

မေး - ဌာနချုပ်စခန်းကို ဘယ်လောက်ကြာကြာ နေရာယူထားမယ်ဆိုတာကော ပြောထားတာ ရှိသေးလား။ ဘယ်လိုညှိနှိုင်းမှုတွေ ရှိသေးလဲဗျ။

ဖြေ - ဌာနချုပ်ကို ဘယ်လောက်ကြာကြာ နေရာယူထားမယ်ဆိုတော့ ပြောထားတာတော့ အခုထိ မရှိသေးဘူး။ ၂ ရက်၊ ၃ ရက်တော့ နယ်မြေရှင်းလင်းရေးတွေ လုပ်မယ်လို့တော့ ပြောထားတယ်။ နယ်မြေရှင်းလင်းရေးတို့ ဘာတို့ ပြီးသွားရင်တော့ ပြန်ခေါက်ကြလိမ့်မယ်လို့တော့ ထင်တာပဲ။ ဘာလို့လဲဆိုတော့ သူတို့လည်း ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရကရော တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း NSCN အပေါ်မှာရော၊ နာဂပြည်သူလူထုအပေါ်မှာရော ငဲ့ညှာသနားလိမ့်မယ်လို့ မျှော်လင့်ယုံကြည်ထားကြတယ်ခင်ဗျ။

မေး - အခုဒီလုပ်ရပ်က ၂၀၁၂ ခုနှစ်က တိုင်းအဆင့် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာတွေရော ရှိလား။ ဘယ်လိုမြင်မိလဲ။ နောက်ပြီး အခုအစိုးရ ဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုရော ထိခိုက်နိုင်သလား။ ဘယ်လိုမြင်မိလဲ။

ဖြေ - အဲဒါကျတော့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုတော့ ကိုယ့်ပြည်တွင်းမှာလုပ်တော့ နည်းနည်း ဆူဆူပူပူ ဖြစ်နိုင်တော့ လူထုအမြင်မှာတော့ ငြိမ်းချမ်းရေးရဲ့ လုပ်ငန်းစဉ်ကို နည်းနည်း အနှောင့်အယှက်လို့တော့ မြင်လိမ့်မယ်လို့ တွက်ချက်မိတယ်။ ဒါပေမယ့်လို့ အခုဒီကနေ့ ဒီဖြစ်ရပ်ဟာ  ကျနော်တို့ သိရတာက အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်မှာ ရှိတဲ့ လက်နက်ကိုင်သူပုန်တွေက NSCN ရဲ့ နယ်မြေအတွင်းမှာ ရှိတယ်ဆိုပြီးတော့မှ အဲဒီအတွက်ကြောင့် နယ်မြေရှင်းလင်းရေးအတွက် လွှတ်တယ်လို့ အဲလိုသိရတယ်။

အဲဒီအတွက်ကြောင့်မို့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စမဟုတ်ဘဲနဲ့ တခြားသောနေရာက လက်နက်ကိုင်အဖွဲ့အစည်းရှိတယ်ဆိုတဲ့ ပုံစံမျိုး တဖက် နိုင်ငံကနေပြီးတော့မှ ပြောတဲ့အခါမှာ သူတို့လမ်းလျှောက်ပေးတဲ့ သဘောမျိုး ဖြစ်လာတယ်လို့ အဲလိုယူဆမိတယ်။”

မေး - ဆိုတော့ တပ်မတော်ရဲ့ တပ်ဖြန့်ချထားမှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထိခိုက်မှုမရှိနိုင်ဘူးလို့ ဆိုတဲ့သဘောလား။ နောက်ထပ်သတင်းတွေအရဆိုရင် ဒုံဟီးမြို့နယ်ဘက်မှာတောင် တပ်တွေ ထပ်ချထားတယ်လို့ သိရတယ်။ ဘယ်လိုမြင်မိပါလဲ။

ဖြေ - “မျက်မြင်တော့ မရှိဘူး။ သတင်းရတာတော့ လဟယ်ကနေ ဒုံဟီးမြို့နယ်အတွင်းအထိကတော့ တနေရာမှာ ၃၀၊ ၄၀ အဲဒါမျိုးပုံစံနဲ့ ၁၀၀ ကျော်ကျော်လောက်ရှိတယ်လို့တော့ သတင်းတော့ ကြားတယ်။ နယ်မြေမှာ လှုပ်ရှားတဲ့အခါကျတော့ ဆူပူမှုတော့ ရှိတာပေါ့။ သို့သော်လည်းပဲ ကျနော်တို့ဘက်ကနေ သေနတ်ဖောက်ခွဲမှု မရှိဘူးဆိုရင်တော့ အခုရှောင်ပေးလိုက်ရတဲ့ ဘယ်လိုပြောမလဲ တည်ငြိမ်အေးချမ်းအောင် ရှောင်ပေးလိုက်တာဖြစ်တယ်။”

မေး - တိုင်းဒေသကြီးအဆင့် အပစ်ရပ်စဲရေးယူပြီးတဲ့ နောက်ပိုင်းမှာကော ဒီလိုဖြစ်စဉ်တွေ ဘယ်နှကြိမ်လောက် ဖြစ်ခဲ့ဖူးလဲ။ ဒါပထမဆုံးအကြိမ်လား။

ဖြေ - “ဒီလိုမျိုးဖြစ်စဉ်တွေက ရှိပါတယ်။ ကျနော်တို့ အိန္ဒိယနယ်စပ် လုံဝသိင်္ခ နယ်စပ်တလျှောက်မှာရှိတဲ့ ကျနော်တို့ စစ်ဌာနချုပ်စခန်းကိုလည်း သူတို့ အဲလိုပဲ အကြိမ်ကြိမ်အခါခါ လာပြီးတော့မှ မီးရှို့ခဲ့ဖူးတယ်။ ဒီတခေါက်လည်း တဂါးမှာ ဒီလိုလာလုပ်တာတော့ ကောင်စီဌာနချုပ်ကို ဒီလိုလာလုပ်တာတော့ ပထမအကြိမ်ပေါ့လေ။ ဒါပေမယ့် စစ်ဌာနချုပ်တွေမှာ လုပ်သွားတာတော့ ရှိခဲ့တယ်။ မနှစ်တုန်းကထိ။

မေး - အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ကိုရော ကန့်ကွက်တာ လုပ်ဖို့ရှိလဲဗျ။

ဖြေ - “ပြည်ထောင်စုမှာ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးရယ်၊ နောက် နိုင်ငံတော်ကာကွယ်ရေး စစ်ဦးစီးချုပ်ဆီရယ် တင်ပြဖို့ ရှိပါတယ်။ မေတ္တာရပ်ခံဖို့ပေါ့။ NSCN စခန်းမှာ ဒီလို ဖြစ်နေတာကို လူထုအတွက်ရော NSCN ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းမှုအပေါ်မှာ ဦးတည်နေတဲ့အတွက်ရော သနားငဲ့ညှာပြီးတော့မှ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ပေါ့။ အဲလို တင်ပြသွားဖို့ ရှိတယ်။ တိုင်းအစိုးရကိုတော့ မိတ္တူပေးပို့သွားမယ်။ ဒါပေမယ့် တိုင်းအဆင့်မှာလည်း ဖုန်းနဲ့ ဦးစီးဥက္ကဋ္ဌကနေတဆင့်ပေါ့။ နယ်လုံမှာတော့ တိုက်ရိုက် ဖုန်းနဲ့ ညှိနှိုင်းပြီးတော့မှ လုပ်နေကြတယ်ခင်ဗျ။

မေး - ဟုတ်ကဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသေးသလဲခင်ဗျ။

ဖြေ - “ကျနော့်အနေနဲ့ ဖြည့်စွက်ပြောချင်တာတော့ NSCN အဖွဲ့အစည်းဟာဆိုရင် မြန်မာနိုင်ငံအစိုးရနှင့် ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တဲ့ အချိန်ကစပြီးတော့မှ ဒီနေ့ထိ ၇ နှစ်နီးနီးတော့ ရှိသွားပြီ။ ဒီကာလအတွင်းမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ အားလုံး နိုင်ငံတော်အစိုးရနဲ့လည်း လက်တွေ့ပူးပေါင်းပြီးတော့မှ ဒေသဖွံ့ဖြိုးရေးကို လုပ်မယ်ပေါ့။ ဒေသကို တည်ငြိမ်အေးချမ်းအောင်ထားမယ်ဆိုပြီး ဒီကနေ့ထိ အဲလိုသွားနေတဲ့အဖွဲ့ အစည်းဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီနေ့ ဒီလိုဖြစ်ရခြင်းကလည်း တနည်းအားဖြင့်တော့ လူထုလည်း ထိတ်လန့်ကြတယ်။ တော်တော်လည်း ထိတ်လန့်ကြပါတယ်။

ဒီလို ပြည်သူလူထုထိတ်လန့်တဲ့ဟာမျိုး နောက်ကို ဒီနှစ်ဖွဲ့ရဲ့ ကြားမှာ နိုင်ငံတော်အစိုးရနဲ့ NSCN ကြားမှာလည်း တဖွဲ့နဲ့ တဖွဲ့ စစ်ဖြစ်တဲ့ဘက်ကို မသွားပဲနဲ့ တယောက်နဲ့တယောက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြမလဲပေါ့နော်။ သွေးထွက်သံယိုမှုမရှိအောင် အထိအတွေ့မရှိအောင် ဘယ်လိုပုံစံမျိုးနဲ့ သွားကြမလဲဆိုတဲ့ ဥစ္စာကိုပဲ နိုင်ငံတော်အကြီး အကဲတွေကလည်း နာဂရဲ့ လူထုအပေါ်မှာ NSCN ရဲ့ နိုင်ငံရေးအဖွဲ့အစည်းအပေါ်မှာ သဘောပေါက် နားလည်ပြီးတော့မှ ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အများကြီး အနာဂတ်မှာ တွေးခေါ်ထားတဲ့ တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ လမ်းစဉ်အပေါ်မှာ အများကြီး အကျိုးသက်ရောက်လိမ့်မယ်လို့ ပြောချင်ပါတယ်။

မှတ်စု - (နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)ကို အစိုးရကနေ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) မှာ လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နာဂတိုင်းရင်းသားတွေက အိန္ဒိယ - မြန်မာ နှစ်နိုင်ငံစလုံးမှာ ရှိနေတဲ့အတွက် အားလုံးရဲ့ သဘောတူညီမှု ရယူဖို့ကလည်း အခက်အခဲတွေ ရှိနေသလို မြန်မာဘက်ခြမ်းက (NSCN-K) နဲ့ အိန္ဒိယဘက်ခြမ်းက (NSCN-IM)ဆိုပြီး နာဂလက်နက်ကိုင် နှစ်ဖွဲ့ရှိနေပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းက နာဂဒေသကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဦးဆောင်နေပါတယ်။ အိန္ဒိယမှာတော့ နာဂလန်း(နာဂပြည်နယ်) တခုအဖြစ် အသိအမှတ်ပြုကာ နေထိုင်နေကြပါတယ်။)

အောင်ကိုလတ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013