DVB Logo
Home
မြန်မာသတင်း
နိုင်ငံအကျိုးအတွက် ရပ်တည်ရဲသည့်သတ္တိ ရှိကြရန် လွှတ်တော်အမတ်များကို တိုက်တွန်း
DVB
·
February 1, 2019
နိုင်ငံအကျိုးအတွက် ရပ်တည်ရဲသည့်သတ္တိ ရှိကြရန် လွှတ်တော်အမတ်များကို တိုက်တွန်း
Donate to DVB

နိုင်ငံရဲ့အကျိုးအတွက် ရပ်တည်ရဲတဲ့သတ္တိ ရှိကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနက်က နေပြည်တော်လွှတ်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် လွှတ်တော်တွေရဲ့ သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

"ကိုယ့်အမြင်က မှန်တယ်ဆိုလို့ရှိရင်လည်း ရပ်တည်ရဲတဲ့သတ္တိ ရှိရမယ်။ ဘယ်သူတွေ ဝေဖန်ဝေဖန်၊ ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် ကိုယ်တကယ်ပဲ မှန်မှန်ကန်ကန် နိုင်ငံအကျိုးအတွက် လုပ်နေတယ် ဆိုလို့ရှိရင်တော့ ရပ်တည်ရဲတဲ့သတ္တိ ရှိရပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့ရပ်တည်ချက်ဟာ နိုင်ငံကို အကျိုးမပြုဘူးဆိုရင်တော့ ပြောင်းလဲရဲတဲ့သတ္တိ ရှိသလို ပြောင်းလဲတတ်တဲ့ ပညာလည်း ရှိဖို့လိုပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီးတော့ ကိုယ့်နိုင်ငံကို တန်ဖိုးထားပါ။ ကိုယ့်နိုင်ငံမှာ ဒီမိုကရေစီအမြစ် တကယ်ကို ခိုင်ခိုင်မာမာ တွယ်သွားဖို့အတွက် ဒီမိုကရေစီ ပျိုးခင်းလေးကို စေတနာ၊ မေတ္တာ၊ ပညာ၊ သတ္တိနဲ့ ပြုစုပျိုးထောင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။"

အတိုက်အခံပါတီတွေဆိုတာ တကယ်တော့ တိုက်ခိုက်ဖို့မဟုတ်ဘူး၊ တဦးနဲ့တဦး အရည်အချင်းမြင့်မားအောင် လုပ်ပေးဖို့ဖြစ်တယ်၊ အတိုက်အခံရှိမှ၊ ကိုယ်နဲ့ မတူကွဲပြားတဲ့ အမြင်ရှိတဲ့ အဖွဲ့အစည်းတွေရှိမှ ကိုယ့်ရဲ့ အရည်အချင်းတွေကလည်း ပိုပြီးတော့ တက်လာမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လွှတ်တော်ထဲမှာ မတူကွဲပြားတဲ့ ပါတီတွေ၊ အမြင်တွေ ညှိပြီးတော့ အင်အားတခုဖြစ်အောင် လုပ်နိုင်ဖို့ အခွင့်အရေးတွေ ရှိသလို ကိုယ်စားလှယ်တိုင်းဟာ ကိုယ့်ဂုဏ်သိက္ခာအတွက်တင် မဟုတ်ဘဲ နိုင်ငံဂုဏ်သိက္ခာအတွက်ပါ စဉ်းစားဖို့လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွှတ်တော်ထဲမှာ နိုင်ငံအကျိုးအတွက်၊ ပြည်သူ့အကျိုးအတွက် ထမ်းဆောင်ခွင့်ရတဲ့ ကိုယ်စားလှယ်တွေလောက် ဂုဏ်ရှိတဲ့သူတွေ ဒီမိုကရေစီစနစ်မှာ မရှိဘူး၊ ဒါကြောင့် ဒီမိုကရေစီပျိုးခင်းကို ပြုစုပျိုးထောင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဂုဏ်ယူစေချင်တယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013