DVB Logo
Home
Lead Story
လူကြီးလူကောင်း အဆိုတော် ကိုမင်းနောင်
DVB
·
February 1, 2019
လူကြီးလူကောင်း အဆိုတော် ကိုမင်းနောင်
Donate to DVB

(၁)

အဆိုတော်ကြီး ကိုမင်းနောင် ဆုံးပြီဆိုတဲ့သတင်း ဇန်နဝါရီ ၃၁ ရက် ညနေခင်းမှာ ထွက်ပေါ်လာတော့ စိတ်က လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ဆီ ပြန်ရောက်သွားတယ်။

ရန်ကုန်၊ လှည်းတန်းက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ထိုင်နေတဲ့ လူငယ်တဦးဟာ လက်ဖက်ရည်ဆိုင်ဝင်လာတဲ့ အစ်ကိုကြီးအရွယ် လူရွယ်တဦးကို ပြုံးပြလိုက်ပြီး အစ်ကိုကြီး နေကောင်းတယ်နော်လို့ နှုတ်ဆက်လိုက်တယ်။ နှုတ်ဆက်ခံရတဲ့သူက လှိုက်လှိုက်လှဲလှဲ ပြန်ပြုံးပြလိုက်ပြီး ဟုတ်ကဲ့ ကောင်းပါတယ်လို့ ပြန်နှုတ်ခွန်းဆက်ရင်း ဆိုင်ထဲလှမ်းဝင်သွားတယ်။ ဒီတော့မှ စောစောက ပြုံးပြ နှုတ်ဆက်လိုက်တဲ့လူငယ်ဟာ သူ့ဘာသာ မသေချာလို့ ပြန်တွေးကြည့်မိတယ်။

"ဟာ တီဗွီထဲက သီချင်းဆိုတဲ့ အစ်ကိုကြီးပဲ"

ဒီတုန်းက တီဗွီချန်နယ်တခုပဲရှိပြီး တခုတည်းသော တီဗွီချန်နယ်မှာ သီချင်းဆိုတဲ့ ကိုမင်းနောင် ဆိုတဲ့ သီချင်းရှင်ကို တီဗွီပရိသတ် လူငယ်က သူနဲ့သိကျွမ်းနေသူတဦးလို့ ထင်မှတ်ပြီး လှမ်းနှုတ်ဆက်လိုက်မိတာ ဖြစ်တယ်။ ဒီအကြောင်း သူငယ်ချင်းဖြစ်သူက ကိုလေအိုးကို ပြန်ပြောပြရင်း ရီပွဲဖွဲ့ဖြစ်တယ်။

အဲ့ဒီကနေ ၁၉၉၀ ကျော်ကာလတွေရောက်တော့ ကိုလေအိုးနဲ့ ကိုမင်းနောင်တို့ မြန်မာ့အသံက သီချင်းဘုတ်ထိုင်တဲ့ အခန်းတခုမှာ လေးငါးနှစ်ကြာ တနှစ်တခါ တခါတွေ့ တလနီးပါး ပုံမှန်ဆိုသလို ဆုံဖြစ်ကြရပါတော့တယ်။

(၂)

ဒီတုန်းက တပ်မတော်နေ့ အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲတွေ တနှစ်တခါလုပ်ခဲ့တော့ ပြိုင်ပွဲဝင်သီချင်းတွေကို ဝါရင့် တေးရေး တေးဆိုတွေက နားထောင်ပြီး စိစစ်ရွေးချယ်ပေးတယ်။

ဘိုကလေးတင့်အောင်၊ ဂီတလုလင်ဦးကိုကို၊ နောင်၊ ကိုမင်းနောင်၊ စန္ဒယားချစ်ဆွေ၊ စန္ဒယားလှထွဋ်၊ စန္ဒယားချစ်မောင် အစရှိတဲ့ ဂီတပညာရှင်တွေက ပြိုင်ပွဲဝင် တေးသီချင်းတွေကို နားထောင်ပြီး စိစစ်ပေးခဲ့ကြတယ်။ ကိုလေအိုးအလုပ်က အဲ့ဒီဂီတပညာရှင်တွေ နားထောင်ဖို့ ပြိုင်ပွဲဝင်တေးသီချင်း တိပ်ခွေတွေကို စက်ပေါ်တင် တပုဒ်ပြီးတပုဒ် ဖွင့်ပေးရတာဖြစ်တယ်။

ဂီတပညာရှင်အများစုက ပညာရှင်တွေပီပီ တိပ်ခွေတင် ဖွင့်ပြလိုက်တာနဲ့ တချို့သီချင်းတွေက ဆက်နားထောင်စရာမလိုလို့ ပိတ်ခိုင်းတတ်ကြတယ်။ ဒီနေရာမှာ ဂီတပညာရှင် တဦးချင်းစီအလိုက်ရဲ့ စိတ်နေသဘောထားနဲ့ ပြောဆိုပြုမူမှုတွေက တဦးနဲ့တဦး မတူကြဘဲ ကွဲပြားခြားနားတယ်။ အဲ့ဒီထဲမှာ ကိုမင်းနောင်ဆိုတဲ့ အဆိုတော်ကြီးကတော့ အင်မတန်သိမ်မွေ့ပြီး အပြောအဆို အပြုအမူတွေကအစ ညင်ညင်သာသာနဲ့ အင်မတန် လူကြီးလူကောင်းဆန်တယ်။

သူတို့အုပ်စုနဲ့ တနှစ်တကြိမ် တကြိမ်မှာ တလနီးပါး ပြောဆိုဆက်ဆံခဲ့ဖူးလို့ ဒီလို မှတ်ချက်ချ ပြောဆိုနိုင်တာဖြစ်ပြီး ကိုမင်းနောင် ဒေါသဖြစ်တာ တခါမှ မတွေ့ဘူးသလို စကားကို တိုးတိုးညင်ညင်သာသာ အပြောတတ်ဆုံး ဂီတပညာရှင်တဦးအဖြစ် မြင်တွေ့ဆက်ဆံခဲ့ရတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေး။

(၃)

မှတ်မှတ်ရရ သတိထားမိတာကတော့ ကိုမင်းနောင်ဟာ ဝတ်စားဆင်ယင်တာကအစ သပ်သပ်ရပ်ရပ်ရှိလှပြီး သူ့ကို ကပိုကရိုနဲ့ တခါမှ မတွေ့ဖူးဘူး။ လက်ရေးလက်သားလည်း အင်မတန်လှပပြီး သူ့မြင်လိုက်တာနဲ့ ဒီလူဟာ လူကြီးလူကောင်းတယောက်လို့ တန်းပြောနိုင်တယ်။ ခြုံပြောရရင် ကိုမင်းနောင်ဟာ ဂျန်းတန်းမင်မ်း။

မြန်မာ့အသံမှာ ၁၅ နှစ်လောက် အလုပ်လုပ်စဉ် အတောအတွင်း ဂီတသမား အမြောက်အမြားနဲ့ ပြောဆိုဆက်ဆံခဲ့ဖူးပြီး ဂီတသမား အများစုက ဟေးလားဝါးလားနဲ့ ပျော်ပျော်နေတတ် စားသောက်တတ်ကြတယ်။ ဒီလိုမျိုးအုပ်စုထဲ ကိုမင်းနောင် မပါ။

သူ့သီချင်းတွေအကြောင်း ပြောရင်တော့ မုန်းရစ်လေဦးကို အကြိုက်ဆုံး။

××× ရွက်ဝါကြွေ နွေဦး××လေရူးပွေစ ××ညနေဆည်းဆာ×××

ဒီ ခြေဆင်းလေး ကြားတာနဲ့ ဘယ်လွမ်းလို့ လွမ်းရမှန်းမသိ။

ဥသြဆွေ ××× နွေတေးရှင်ငှက်ပင်ကိုင်းထက်မှာ××× သံသာသာ နွေချိုတေးကိုသာ လေးသွဲ့မှန်စွာ တေးဖွဲ့ပြန်ရှာ×××× ဖော်ကွဲတကိုယ်တည်း ကိုယ်လည်းမင်းလိုပါပဲ ××× ကိုယ့်ဘဝမှာ ××× ရော်ဝါခြွေညောင်းခဲ့လေ အနှော့ပြေလျှော့ကြွေပေါ့ ရောက်ပြန်လေပြီတခါ ××××

ကိုမင်းနောင် ပင်ကိုယ်သံနဲ့ အင်မတန်လိုက်ဖက်တဲ့ သီချင်းလို့ ကိုယ့်ဘာသာ သတ်မှတ်ပြီး ကြိုက်ခဲ့တာဖြစ်တယ်။ အမှန်ပြောရရင် ကိုမင်းနောင် ဆိုခဲ့သမျှ ရေဒီယိုသီချင်းအားလုံးကို နှစ်သက်ပြီး အသက်ရမှ သူ့သီချင်း သူပြန်ဆိုတဲ့ ပြန်ဆိုတေးတွေကိုတော့ မကြိုက်။

အဆိုတော်တွေ ဝါရင့်လာရင် သီချင်းကို အဆိုတော်ဖြစ်စကလို ရိုးရိုးမဆိုကြတော့ဘဲ အကွန့်အညွန့်တွေနဲ့ ပညာပြ ဆိုတတ်ကြတယ်။ ကျနော်က အဲ့ဒီလို ကွန့်ညွန့်ပြီး ပြန်ဆိုထားတဲ့ သီချင်းတွေကို ခံစားလို့မရ။

ဟော ပြောရင်းဆိုရင်း ကိုမင်းနောင်ဆိုခဲ့တဲ့ ရုပ်ရှင်သီချင်းတပုဒ် ပြန်အမှတ်ရမိလိုက်ပြန်တယ်။

ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးတဲ့ ခြေဖဝါးတော်နုနုဆိုတဲ့ ရုပ်ရှင်ထဲမှာ ကိုမင်းနောင်ဆိုပြီး အင်မတန် နာမည်ကြီးခဲ့တဲ့ ခရီးသွားရင်း သီချင်းဆိုမယ်ဆိုတဲ့ သီချင်း။

“ခရီးသွားရင်း သီချင်းဆိုမယ်။ ငှက်ကလေးများလိုကွယ်။ တောင်ပံခတ်သံ တေးသွားသဖွယ်၊ လေဟုန်စီးသံ ကာရန်နှယ်၊ တွန်ကျူးသံက သီချင်းသားကွယ်။ ခရီးသွားရင်း သီချင်းဆိုမယ်...”

ခရီးသွားရင်း သီချင်းဆိုတာတောင်မှ လေပြေလေးလို ဆိုပဲ။

"ခရီးသွားရင်း သီချင်းဆိုမယ်။ လေပြေလေးလိုကွယ်။ ပုရစ်ဖူးတွေကြား တိုးဝှေ့သွားတော့ တေးသွားလေး ပေါ်လာတယ်။ ထင်းရှူးရွက်များ ချွန်ချွန်သွယ် အနမ်းတွေနဲ့ လေချွန်မယ်။ (ဝင်းမှည့်နေတဲ့ စပါးခင်းအလယ်) ။ (လေညင်းဖြတ်ပြေး လှိုင်းကလေးထပုံရယ်)။ ခရီးတလျှောက် ပျော်မွေ့ရာ စုံလင်ပါတယ်။ ခရီးသွားရင်း သီချင်းဆိုမယ်။"

(၄)

အခုတော့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ အင်မတန် လူကြီးလူကောင်းဆန်တဲ့ ကိုမင်းနောင်ဆိုတဲ့ အဆိုတော်ကြီး အသက် ၈၈ နှစ်မှာ ဆုံးရှာလေပြီ။

ဒီအသက်အရွယ်အထိ နေသွားနိုင်တာ၊ ဂီတသက်တမ်း နှစ် ၇၀ ကျော်အထိ ရှင်သန်သွားနိုင်တာတွေဟာလည်း ကိုမင်းနောင်ရဲ့ အေးဆေးတည်ငြိမ်လှတဲ့ စိတ်နေသဘောထားကြောင့်ပဲ ဖြစ်မယ်။

သူဆိုခဲ့တဲ့ ဂျင်မလေးဂျမ်း၊ ဇရာ၊ မုန်းရစ်လေဦး၊ တက္ကသိုလ်ကျောင်းသူတဦး စတဲ့ စတဲ့ ထင်ရှားကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာကို ထားရစ်ခဲ့ပြီး ဂီတလောကကို အပြီးတိုင် ကျောခိုင်းသွားခဲ့လေပြီ

လူကြီးလူကောင်း အဆိုတော်ကြီးတဦး ဘုံကြီး ဘုံကောင်း ဘုံမြတ်တခုမှာ စံမြန်းနေမယ်လို့ ခိုင်ခိုင်မြဲမြဲ ယုံကြည်နေမိပါတော့တယ်။

ကိုလေအိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013