
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို အရင်ကတည်းက သဘောတူထားပြီးဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ မိတ္ထီလာလွင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော် ကြည်း/လေ ပူးပေါင်း လေ့ကျင့်ရေး အပြီး သတင်းထောက်တဦးရဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်မှုအပေါ် မေးမြန်းရာမှာ အခုလို ထည့်သွင်းဖြေကြားခဲ့တာပါ။
“ဟာ ပြင်ဖို့ သဘောတူပြီးသား၊ အခြေခံဥပဒေမပြင်ဖို့အတွက် တခါမှ မပြောခဲ့ဘူး၊ ဟိုးနှစ်ပေါင်းများစွာကတည်းက ပြောခဲ့တာ၊ ပထမအကြိမ်အစိုးရသက်တမ်းကတည်းက ပြောခဲ့တာ။ သို့သော် စနစ်တကျပဲ ပြင်ဖို့လိုပါတယ်။ ကျန်တာတော့ ဘာမှ မပြောလိုပါဘူး၊ ပြင်သင့်ပြင်ထိုက်တဲ့ ဟာ ပြင်သင့်ပြင်ထိုက်တဲ့ အချိန်မှာ ပြင်ဖို့ပဲရှိပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် ကော်မတီဖွဲ့ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့ပြီးတော့ ဒီအဆိုကို ဆွေးနွေးကြဖို့လည်း လွှတ်တော်က အတည်ပြုထားတာဖြစ်ပါတယ်။











