DVB Logo
Home
မြန်မာသတင်း
မန္တလေးကျုးကျော်များ ဖယ်ရှားမှု ဥပဒေအရလုပ်ခြင်းဖြစ်ကြောင်း စည်ပင်ပြော
DVB
·
September 20, 2012
မန္တလေးကျုးကျော်များ ဖယ်ရှားမှု ဥပဒေအရလုပ်ခြင်းဖြစ်ကြောင်း စည်ပင်ပြော
1 / 3
Donate to DVB

မန္တလေးမြို့က ကျုးကျော်ရပ်ကွက်တွေ ဖယ်ရှားနေတာဟာ ဥပဒေအတိုင်း ဆောင်ရွက် လုပ်ကိုင်နေတာ ဖြစ်တယ်လို့  သက်ဆိုင်ရာစည်ပင် က ပြောဆိုလိုက်ပါတယ်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ရပ်ကွက်ကို ဒီနေ့ စည်ပင်က ၀င်ရောက် ရှင်းလင်းနေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက် အတွင်းရေးမှူးက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ က ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ရပ်ကွက်မှာ ရှိတဲ့ နေအိမ်ခြံဝင်းတွေကို ဒီနေ့ သွားရောက်ရှင်းလင်းရာမှာ ရပ်ကွက်နေပြည်သူတွေက ရှိခိုးတောင်းပန်ခဲ့ကြတယ်လို့ အဲ့ဒီနေရာကို ရောက်နေတဲ့ မန္တလေး၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

“အဓိက လယ်ယာမြေရောင်းဝယ်မှု မလုပ်ရဘူးဆိုတာကို ပြည်သူလူထုတွေကို သိအောင်လုပ်မပေးဘူး။ ပြည်သူလူထုတွေက မသိကြဘူး။ ဒီလယ်မြေတွေကို တားမြစ်နယ်မြေ မရောင်းရ၊ မ၀ယ်ရဆိုပြီး ကန့်သတ်ထားတာမရှိဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်က လက်မှတ်ထိုးပြီး အာမခံနဲ့ ရောင်းနေကြတာလေ။ ဒီလူတွေက နှစ်ရှည်လများနေနေကြပြီ။ ဦးဇင်းတို့ ဖြစ်စေချင်တာက ဖယ်ပေးမယ်၊ ဒါပေမယ့် သူတို့တွေအတွက် ယာယီ ခိုလှုံခွင့်နေရာလေး သတ်မှတ်ပေးပါ။ ကာလတခုအနေနဲ့ သတ်မှတ်ပေးမယ်ဆိုရင် အဲကာလအတွင်းမှာ သူတို့ရုန်းကန်လှုပ်ရှားနိုင်တယ်။ အခုက အချိန်ကပ်ပြောတယ်။ မနက်က ဖျက်နေတယ်၊ နောက်တော့ လူထုက ဖျက်နေတဲ့လူတွေကို ၀ိုင်း ရှိခိုးကြတော့ သူတို့တွေ ရပ်သွားတယ်။ ဆက်မလုပ်တော့ဘူး။ လုံခြုံရေးတိုးချတာကလွဲလို့ ဆက်မလုပ်ကြတော့ဘူး။”

နေအိမ်ခြံဝင်းတွေ ရှင်းလင်းရာမှာ စည်ပင်နဲ့ ဒေသခံတွေကြား ပဋိပက္ခမဖြစ်ရအောင် မန္တလေး ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့အတူ ဆရာတော်က ကြားဝင် စေ့စပ် ညှိနှိုင်းဆောင်ရွက်ပေးနေတာပါ။

ပြီးခဲ့တဲ့ အပတ်ကလည်း မန္တလေးမြို့၊ မြရည်နန္ဒာရပ်ကွက်က ကျုးကျော်နေသူတွေကို မန္တလေး စည်ပင်က စက်ယန္တရားတွေ သုံးပြီး ဖယ်ရှားပစ်ခဲ့ပါသေးတယ်။

အခုလို မန္တလေးစည်ပင်က ကျုးကျော်တွေဖယ်ရှားနေတာနဲ့ ပတ်သက်ပြီး မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက

“ ၃ လလောက်ရှိပြီ ကြိုပြီး ကြေညာထားတာ။  ဂရန်ချထားပေးပြီးသားမြေတွေကို လက်ရှိနေတဲ့သူတွေက လက်ညှိုးထိုးပြီး ရောင်းစားတဲ့သဘောရှိပါတယ်။ သိလို့ ၀ယ်တာလည်းရှိမယ်၊ မသိလို့ ၀ယ်တာလည်းရှိမယ်။ ဥပဒေအရကျတော့ ဂရန်ထုတ်ပြီးသားလူက ဂရန်တွေလည်း သူတို့လက်ထဲမှာ ရှိထားပြီးပြီ။ ဂရန်လုပ်တဲ့သူတွေက ၀င်လာလို့လည်းမရဘူး၊ ၀င်လာရင် မြေလာတိုင်းရင်လည်း အတိုင်းမခံတဲ့ အနေအထားဖြစ်နေတာပေါ့။ အစိုးရအဖွဲ့အနေနဲ့ကတော့ မြို့ရဲ့ ဖွံ့ဖြိုးရေး အဓိကလုပ်ဖို့ ရည်ရွယ်တာပါ။”

ဖယ်ရှားတဲ့ လုပ်ငန်းကို ဒီနေ့ ရပ်ဆိုင်းထားတယ်လို့လည်း ပြောပါတယ်။

မန္တလေးစည်ပင်သာယာအနေနဲ့ ဒီကိစ္စတွေကို ဥပဒေကြောင်းအရ လုပ်နေတာဖြစ်ကြောင်း ဦးသက်နိုင်ထွန်းက ပြောပါတယ်။

“အစိုးရအနေနဲ့ တရားဝင်မြေကွက်ရိုက်ပြီးတော့ ချထားပြီးသားနေရာတွေကို ၀င်နေ နေတာဖြစ်နေတာ။ တရားဝင်ပေါ့နော် ဥပမာ အကို့ကိုလည်းပေးထားတယ်၊ အကိုကလာနေလို့မရဘူး၊ အလာမခံဘူး။ ဂရန်လည်းလက်ထဲမှာ ရှိထားပြီးပြီ သူတို့ကလာနေနေတယ်။ ကျနော်တို့က ညင်ညင်သာသာနဲ့ လုပ်ရမယ့် ကိစ္စပါ။ နူးညံ့ပါတယ်။ ကျနော်တို့က ဥပဒေကြောင်းအရပဲလုပ်တာပါ။ လက်တန်းထိုး မလုပ်ပါဘူး။”

ဒီနေ့စည်ပင်က ရှင်းလင်းဖို့လုပ်တဲ့ ဇီးအုပ်ရပ်ကွက်မှာ အိမ်ခြေ ၃၀၀ လောက်ရှိပါတယ်။

မန္တလေးစည်ပင်သာယာက ဖယ်ရှားခိုင်းထားတဲ့ နေရာတွေကတော့ ချမ်းမြသာစည်မြို့နယ်က အောင်သာယာနဲ့ ကန်သာယာရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်က ကန်ကြီးကုန်းနဲ့ ဇီးအုပ်ရပ်ကွက်၊ အမရပူရမြို့နယ်က ကုန်းတန်းနဲ့ ရေအိုးစဉ်တန်းရပ်ကွက်တွေဖြစ်ပြီး၊  မြေကွက်ပေါင်း ၃ ထောင်ကျော် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013