DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး အန်အယ်လ်ဒီနှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်း
DVB
·
January 31, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး အန်အယ်လ်ဒီနှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်း
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အန်အယ်လ်ဒီအစိုးရနဲ့အတူ သက်ဆိုင်တဲ့ သူတွေအားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ အချိန်ရောက်ပြီလို့ နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့ ဥပဒေပညာရှင်တွေက ထောက်ပြပြောဆိုလိုက်ပါတယ်။  

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ တိုက်တွန်းတဲ့ အဆိုကို လက်ရှိ ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြုထားပါတယ်။

နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲတဲ့လုပ်ငန်းစဉ်မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲ ပြုပြင်နိုင်မှသာ အဆင်ပြေနိုင်မှာ ဖြစ်တာကြောင့် ဒီလိုပြင်ဆင်နိုင်ဖို့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ အချိန်ရောက်ပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက “ကျနော်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ တိုင်းပြည်လိုအပ်ချက် ဖြစ်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအသစ်တရပ် ထွက်ပေါ်ရေး ဆိုတာ အားလုံးရဲ့ လိုလားချက်။ ဒီထဲမှာ တပ်မတော်လည်း ပါတယ်။ ဒီဆုံချက်တခုပေါ်မှာ ၀ိုင်းဝန်းအဖြေရှာပြီး ပြင်ဖို့ပဲ စဉ်းစားရမယ်လို့ မြင်တယ်။ အန်အယ်လ်ဒီ တင်တာကို ထောက်ခံတယ်။ ဖွဲ့စည်းပုံပြင်ရေးဟာ အားလုံးမှာ တာဝန်ရှိတဲ့အတွက် ကျနော်အပြည့်အ၀ ထောက်ခံတယ်။ အကုန်ပူးပေါင်းဆောင်ရွက်ပြီး ပို၍ကောင်းဆောင်ရွက်ဖို့ပဲ မြင်တယ်။”လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အန်အယ်လ်ဒီအစိုးရအနေနဲ့ ရွေးကောက်ပွဲမဲဆွယ်ကာလတည်းက ကတိ ပေးထားတာပါ။

ဖွဲ့စည်းပုံကို လက်ရှိ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်နိုင်မှာ ဖြစ်တာကြောင့် လွှတ်တော်ထဲရှိ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထဲက အနည်းဆုံးတဦးက  ထောက်ခံမှသာ ပြင်ဆင်နိုင်မှာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ အလွန်အရေးကြီးတာကြောင့် အန်အယ်လ်ဒီ အနေနဲ့ သက်ဆိုင်ရာခေါင်းဆောင်အကြီးအကဲတွေနဲ့ သေချာညှိနှိုင်းဆောင်ရွက်သင့်သလို သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေ၊ ဥပဒေပညာရှင်တွေကို ဖိတ်ခေါ်ပြီး သေချာပြင်ဆင် ဆောင်ရွက်သင့်တယ်လို့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကော်မတီဖွဲ့စည်းဖို့ကိစ္စကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုတော့ မကန့်ကွက်ဘူးလို့ ဆိုပါတယ်။

ဒီကိစ္စတွေဟာ တပ်မတော်နဲ့ ကိုယ်စားလှယ်တွေ ဥပဒေကြောင်းအရ နားလည်မှု လွဲခြင်းသာ ဖြစ်တာကြောင့် ညှိနှိုင်းပြင်ဆင်ဖို့ကြိုးစားသင့်တယ်လို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများ အဖွဲ့ဥက္ကဋ္ဌက  ဦးကြီးမြင့်က ပြောပါတယ်။

“ဖွဲ့စည်းပုံ အခန်း ၁၂ အရ လုပ်တယ်ဆိုတာ အန်အယ်လ်ဒီ လုပ်တာ မမှန်ဘူး။ လွဲနေတယ်။ သို့သော် အခုလုပ်လိုက်တာက အခန်း ၄ ပုဒ်မ ၁၁၇ အရ လေ့လာတဲ့ ဘယ်လို တင်ပြရမလဲဆိုတဲ့ မူကြမ်းဆွဲဖို့လို့ ဖွဲ့တဲ့အဖွဲ့အဆင့်လောက်ပဲဆိုရင် အန်အယ်လ်ဒီ လုပ်တာ မှန်တယ်။ ဒါလောက်ဖွဲ့တာကို တပ်မတော်သားကိုယ်စားလှယ်တွေ အကြိတ်အနယ် ကန့်ကွက်ဖို့ မသင့်ဘူး။ သူတို့ပါ ပူးပေါင်းပါဝင်တဲ့ တူညီတဲ့အဖွဲ့ကနေ ဆွဲတဲ့ဟာမျိုးကိုသာ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တွေနဲ့ ကိုက်ညီအောင် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကနေ ပြန်တင်ရမယ်။”

ဇန်န၀ါရီ ၂၉ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကော်မတီဖွဲ့စည်းဖို့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပြီး ဒီအရေးကြီးအဆိုကို တပ်မတော် သားကိုယ်စားလှယ်အစုအဖွဲ့တွေက လွှတ်တော်တွင်းမှာ မတ်တက်ရပ် ကန့်ကွက်ခဲ့ ပါတယ်။

ဒီလိုကန့်ကွက်ခဲ့ပေမယ့် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲအများဆုံးရရှိခဲ့တာ ကြောင့်  ကော်မတီဖွဲ့စည်းဖို့ကိစ္စ ဆွေးနွေးဖို့ လွှတ်တော်က အတည်ပြုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013