DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့်အပေါ် ကရင်နီလူငယ်များပိတ်ဆို့ ဆန္ဒပြ
DVB
·
January 31, 2019
လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့်အပေါ် ကရင်နီလူငယ်များပိတ်ဆို့ ဆန္ဒပြ
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေရုပ်တု မစိုက်ထူဖို့ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ဒီကနေ့ စိုက်ထူဖို့လုပ်ဆောင်နေတဲ့ အတွက် ကရင်နီလူငယ်တွေက လမ်းတွေ ပိတ်ဆို့ပြီး ဆန္ဒပြနေကြပါတယ်။

ဒီကနေ့ညနေ ၃ နာရီမှာ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူမှာဖြစ်တဲ့အတွက် ကရင်နီ လူငယ်တွေဟာ  ကန္တာဟေ၀န်ပန်းခြံရှေ့မှာ လမ်းပိတ် တားဆီးမှုတွေ လုပ်ဆောင်နေတာလို့ ကရင်နီလူငယ် ဒီးဒီ (ခေါ်) စစ်မုန်းက ပြောပါတယ်။

“တချို့လူတွေက ဒီညနေ ၃ နာရီ ကြေးရုပ်တင်မယ်ပြောတော့ ကျနော်တို့က  လာပြီးမှ ဒီမှာ လာတားရခြင်းဖြစ်တယ်။ သူတို့က အုတ်ခုံရဲ့ဘေးမှာ ရုပ်တုကို မွန်းမံနေတယ်။ ပြီးမှ ကရိန်းနဲ့ စွဲတင်ဖို့လုပ်နေတယ်။”

ဗိုလ်ချုပ်ကြေးရုပ် မလိုလားရတာနဲ့ပတ်သက်လို့လည်း ကိုဒီးဒီက “အဓိကကတော့ ကျနော်တို့ ပြည်နယ်ရဲ့ သမိုင်းရယ်၊ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ခံစားချက်တွေကို  စော်ကားတယ်လို့ နံပတ် ၁ အချက်ပြောချင်တယ်။ ပြီးရင် ဗိုလ်ချုပ်အော်ဆန်းကို ကြည်ညိုသလို ဘာလိုလိုပြောပြီးမှ ရုပ်တုလုပ်မယ်ဆိုတဲ့ အစိုးရဆိုတဲ့လူတွေကလည်း မရိုးမသား၊ မပွင့်မလင်းပေါ့နော်။ အတင်းအဓမ္မ ပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ပြောပြီးမှ ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ် တစက်မှ မရှိတဲ့လုပ်ရပ်နဲ့  ဒီရုပ်တုကို တည်ဆောက် နေတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။”လို့ ပြောပါတယ်။

ဒီလိုလူငယ်တွေလာရောက်တားဆီးမှုတွေရှိတဲ့အတွက် အာဏာပိုင်တွေက ရဲလုံခြုံရေး အင်အားအပြည့်ချထားပြီး ဖြိုခွင်းမယ့်အနေအထားဖြစ်နေတယ်လို့လည်း ကိုဒီးဒီက ပြောပါတယ်။

ဒီညနေပိုင်း ၃ နာရီခွဲအထိ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့  ဆက်လက်လုပ်ဆောင်နေပြီး ရဲအင်အားအပြည့်နဲ့ ဆောက်လုပ်ရေးအဖွဲ့ကိုလည်း ကာကွယ်ပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးရုပ်တုကို လွိုင်ကော်မြို့မှာ မထားရှိဖို့ ကယားပြည်နယ်က လူထုတွေထောင်ချီပြီး ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လဆန်းပိုင်းကလည်း  ဆန္ဒပြခဲ့ကြပါတယ်။

ဒီလိုဆန္ဒပြပြီးတဲ့နောက် အစိုးရက သူတို့ဦးဆောင်မှာမဟုတ်ပဲ ရပ်မိရပ်ဖတွေရဲ့ ဦးဆောင်မှု နဲ့သာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ရုပ်တုကို ကန့်ကွက်ခဲ့မှုနဲ့ ပတ်သက်ပြီး ကရင်နီလူငယ် ၁၀ ဦးထက်မနည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ တရားစွဲ ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013