DVB Logo
Home
မြန်မာသတင်း
တရုတ်ကုမ္ပဏီကပေးသည့် ငရုတ်မျိုးများ စိုက်ပျိုးမိသည့် ပခုက္ကူတောင်သူများ အရှုံးပေါ်
DVB
·
January 31, 2019
တရုတ်ကုမ္ပဏီကပေးသည့် ငရုတ်မျိုးများ စိုက်ပျိုးမိသည့် ပခုက္ကူတောင်သူများ အရှုံးပေါ်
Donate to DVB

တရုတ်ကုမ္ပဏီတခုက အခမဲ့ထုတ်ဝေပေးခဲ့တဲ့ ငရုတ်မျိုးတွေ စိုက်ပျိုးမိတဲ့ ပခုက္ကူမြို့နယ်နဲ့ ညောင်ဦးမြို့နယ်က တောင်သူ ၁၀၀ ကျော်လောက်ဟာ ငရုတ်အထွက်မကောင်းပဲ အရှုံးပေါ်ပြီး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

စွမ်းဖုန်းတာကုမ္ပဏီကနေ ပေးဝေခဲ့တဲ့ ငရုတ်မျိုးကို စိုက်မိတဲ့ ငရုတ်စိုက်ခင်းတွေဟာ အပင်မဖြစ်တာ၊ အသီးသေးတာနဲ့  ဆွတ်ခူးရောင်းချမယ်ဆိုရင်လည်း အလုပ်သမားခ တောင် မရနိုင်လောက်အောင် အရှုံးပေါ်ခဲ့တယ်လို့ ဒေသခံ ငရုတ်စိုက်တောင်သူတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ် ဘဲရွာသစ်ကျေးရွာနေ ဦးဝင်းဌေးက “သူတို့ပြောသလို တဧကကို ခြောက်တန်ထွက်ရမယ်ဆိုတဲ့ ပမာဏနဲ့ဆို ဈေးကွက်ဖော်ဆောင်မှုလည်းရောက်တာပေါ့ကွာ။ တို့ဒေသသီးတွေလည်း ဈေးနှိမ်မဝယ်ရဲတော့ဘူးပေါ့။ သူတို့ငရုတ်သီးကလည်း ကောင်းတယ်၊ ဆွဲဆောင်မှုကလည်း ပြည့်တယ်ဆိုတော့ စိုက်ချင်တာပေါ့ကွာ။ အဲဒါကို ကုန်ချိန် ၃၀၀၀ ထွက်တယ်ဆိုတော့ ကျပ်သိန်း နှစ်ဆယ်အစိတ်ဖိုးတော့ ထွက်တယ်ဆိုပြီး ခုတော့ အဲလိုဖြစ်ကုန်တာပဲ။ မျိုးပဲမမှန်တာပဲလား၊ သူတို့ပေးတဲ့မြေဆီလည်း သုံးတာပဲ”လို့ ပြောပါတယ်။

ခုလိုမအောင်မြင်တာဟာ ငရုတ်မျိုးကြောင့်မဟုတ်ဘဲ၊ စိုက်ပျိုးနည်းစနစ်မကျလို့  မအောင်မြင်တာလို့ ကုမ္ပဏီတာဝန်ရှိသူတဦးဖြစ်တဲ့ အားချန်ကပြောပါတယ်။

“မျိုးစေ့မှာမှိုလို ရောဂါလိုအဲဒါကို ကျနော်အာမခံတယ်။ ဒါပေမယ့် အောက်ဆွဲသီးလို့ ကျနော်လုံးဝမပြောဘူး။ မော့ထောင်မှ မော့ထောင်ပဲ။ သုံးလက်မ လေးလက်မ ကျနော်ပြောခဲ့တယ်။ ဒါပေမယ့် မရှိဘူး။ ကျနော့်အခင်းမှာရှိတယ်။ လူတိုင်းသွားကြည့်လိုက။ ရှိသလား၊ မရှိဘူးလား ကျနော်စိုက်ထားတယ်လေ လူတိုင်းသွားကြည့်လို့ရတယ်။”

ငရုတ်စိုက်ပျိုးဖို့ တောင်သူတွေကို စည်းရုံးပြောဆိုချိန်အခါက ကုမ္ပဏီရဲ့ ဒေသတာဝန်ခံအနေနဲ့ စိုက်ပျိုးနည်းစနစ်အတွက် ပညာရှင် နှစ်ဦးထားပေးထားမယ်လို့ဆိုပေမယ့် တကယ်တော့ ရောက်မလာခဲ့ဘူးလို့လည်း တောင်သူတွေကပြောပါတယ်။

ဒေသခံတောင်သူတဦးက “စွမ်းဖုန်းတာကုမ္ပဏီအနေနဲ့ ဒီငရုတ်ကို စိုက်တယ်။  စာချုပ်စဉ်အခါက ကျနော်တို့ကို နည်းပညာရှင်နှစ်ယောက်ထည့်ပေးမယ်ပြောတယ်။ ခုချိန်ထိ ရောက်မလာဘူး။ ကျနော်တို့ လေ့လာရသလောက်နည်းစနစ်နဲ့စိုက်တယ်။ ဒါပေမဲ့ ခုချိန်ခါမှာ ကျနော်တို့က လျှော်ကြေးလိုချင်တယ်ပြောကာမှ နည်းစနစ်မမှန်ကန်ဘူးပြောနေတယ်။ ခုချိန်ထိလဲ သူတို့ စိုက်ပျိုးရေးပညာရှင်တွေရောက်မလာခဲ့ပါဘူး”လို့ပြောပါတယ်။

အဆိုပါ တရုတ်ကုမ္ပဏီအနေနဲ့  မြန်မာပြည်မှာ တရားဝင်မှတ်ပုံတင်ထားတာရှိပေမဲ့ ဖြန့်ဝေတဲ့ မျိုးစေ့ကတော့ မြန်မာနိုင်ငံရဲ့ ခွင့်ပြုမှတ်ပုံတင်မျိုးမရှိဘူးလို့ ပခုက္ကူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက သိရပါတယ်။

ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစန်းလွင်က “အခုဒီမှာ ပခုက္ကူမြို့နယ် မြစ်ခြေနယ်မှာ လာလုပ်တဲ့ စွမ်းဖုန်းတာကုမ္ပဏီဆိုရင် မြန်မာနိုင်ငံ ရင်နီးမြှုပ်နှံမှု ဦးစီးဌာနက တရားဝင်လိုင်စင်ချထားပေးတဲ့ကုမ္ပဏီ ဖြစ်ကြောင်းတော့ ကျနော်သိရပါတယ်။ သူတို့ရဲ့ စာရွက်စာတန်းအထောက်အထားတွေကြည့်ပြီးတော့။ သို့သော်လည်း သူတို့သုံးတဲ့ ဒီ ငရုတ်မျိုးစေ့တွေဟာဆိုရင်တော့ ကျနော်တို့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မျိုးစေ့ဌာနခွဲက တရားဝင် ဖြစ်ကြောင်းထုတ်ပေးထားတဲ့ မျိုးစေ့တော့ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ငရုတ်စိုက်တောင်သူတွေကတော့ ခူးဆွတ်ရင်တောင် လုပ်အားခရှုံးနိုင်တဲ့ အနေအထားကြောင့် တဧကကို ကျပ်သိန်း ၂၀ နစ်နာကြေးတောင်းဆိုနေကြပါတယ်။ ကုမ္ပဏီဒေသတာဝန်ခံကတော့ ဒီကိစ္စတောင်သူတွေနဲ့ ဆက်လက်ညှိနှိုင်းအုံးမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013