DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံကို တပ်မတော်သဘောတူသည့်အချက်မှ စပြင်ဆင်ရန် ဦးခင်အောင်မြင့်အကြံပြု
DVB
·
January 31, 2019
၂၀၀၈ ဖွဲ့စည်းပုံကို တပ်မတော်သဘောတူသည့်အချက်မှ စပြင်ဆင်ရန် ဦးခင်အောင်မြင့်အကြံပြု
Donate to DVB

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြန်သုံးသပ်ဖို့လိုတဲ့ ကာလကို ရောက်လာပြီဖြစ်ပြီး ပြင်ဖို့လွယ်တဲ့အချက်တွေ၊ တပ်မတော်က သဘောတူတဲ့အချက်တွေစပြင်ဖို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးခင်အောင်မြင့်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းတွေကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတရပ်ကို သင့်တော်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ ပြည်ထောင်စု လွှတ်တော်ကိုတိုက်တွန်းကြောင်းအရေးကြီးအဆိုကို ဇန်န၀ါရီ ၂၉ ရက်က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အရင်အစိုးရ လက်ထက် လွှတ်တော်သက်တမ်းမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် ပထမသက်တမ်းနှစ်နှစ်ခွဲ နာယကအဖြစ် တာဝန်ယူခဲ့သလို ဖွဲ့စည်းပုံရေးဆွဲတာမှာလည်း ပါဝင်ခဲ့တဲ့ ဦးခင်အောင်မြင့်က ပြောသွားတာပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြန်သုံးသပ်ဖို့လိုတဲ့ နှစ်ပိုင်းကို ရောက်လာပြီ။ အခု ဒီသက်တမ်းမှာလည်း လုပ်သင့်ပါတယ်။ ပြန်လည်သုံးသပ်တယ်ဆိုတာတော့ လုပ်သင့်တာပဲ။ အချိန်မရွေးလုပ်ရမှာ။ ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အစဉ်အမြဲ သုံးသပ်နေရမယ့် အလုပ်ပါ။ နောက်ကျခြင်း၊ စောခြင်းမရှိပါ။ ၂ နှစ် အတွင်းပြီးတယ်၊ မပြီးဘူးဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မ ၄၅၇ ခုလား မသိဘူးပါတဲ့ အနက်မှာ ၉၀ လောက်က လူထုဆန္ဒခံယူပွဲ လုပ်ရမှာ။ ကျန်တဲ့ဟာတွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရင်ရတယ်ပေါ့။ ဆိုတော့ အဲ့ဒီအချက်တွေက လွယ်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် လည်း ပြောထားတာရှိတယ်။ လွယ်တဲ့အချက်က စပြင်တာပေါ့လို့။ လူထုဆန္ဒခံယူတာ ကျတော့ အချိန်လည်း ကုန်တယ်။ ငွေလည်း ကုန်တယ်။ လုပ်သင့်တဲ့ကိစ္စတော့ လုပ်ရမှာပေါ။ သာမန်ကိစ္စ ရော လူထုဆန္ဒခံယူပွဲ ကိစ္စရော ခဏဆိုင်းထား။ ဒီလွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းကျော်ရဖို့ ကြိုးစားလို့ရှိရင်တော့ ပြီးသွားမှာပါ။ တပ်မတော်ကလည်း မပြင်ရဘူးလို့ ပြောတာ မဟုတ်ဘူး။ ပြင်မယ်။ ပြင်ဖို့လည်း သူတို့ သဘောတူမယ်လို့ ပြောထားပြီးပြီလေ။ သူတို့ သဘောတူတဲ့ အချက်တွေ ပြင်ရမှာပေါ့”

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ အဆိုကို တပ်မတော်သားအစုအဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့ပေမယ့် ဖွဲ့စည်းပုံပြင်ဆင်မှာကိုတော့ လက်ခံတယ် လို့ ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေကပဲ ခန့်သင့်တယ်လို့ ပြောထားသလို ဒါကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်သင့်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

အလားတူ အရင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကတော့ ဖွဲ့စည်းပုံ ပုဒ်မ ၂၆၁နဲ့ ပုဒ်မ၂၈၈ တို့ကို ပြင်သင့်တယ်လို့ ဆိုပါတယ်။

လက်ရှိနိုင်ငံရဲ့ မျက်မှောက်အခြေအနေနဲ့ နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေ အားလုံးမျှော်မှန်းတဲ့ အနာဂတ် နိုင်ငံတော်ပုံဖော်ရေးကို ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွှက်နိုင်တာမှာ အထောက်အကူပြုမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဖြစ်ပေါ်လာရေးကို ရည်မှန်းဆောင်ရွက်ရမယ်လို့လည်း အဆိုရှင်ဦးအောင်ကြည်ညွန့်က အဆိုတင်သွင်းတာမှာ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013