
မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက ဆက်လက်အားပေးထောက်ခံတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနိုက ပြောပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေရဲ့ ဖိတ်ကြားချက်အရ ဇွန် ၈ ရက်က နေပြည်တော်ကို တရားဝင်ခရီးစဉ် သွားရောက်ချိန်မှာ ပြောဆိုခဲ့တာလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
နေပြည်တော်ခရီးစဉ်အတွင်း အင်ဒိုနီးရှားဝန်ကြီးဟာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကတိကဝတ်ပြုမှုကို ထပ်လောင်း အတည်ပြုတယ်လို့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက သဝဏ်လွှာပါးလိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဆွေးနွေးညှိနှိုင်းမှုတွေ မြှင့်တင်ဖို့နဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုတွေကို ကူညီဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံး အတူလက်တွဲဆောင်ရွက်ဖို့ အင်ဒိုနီးရှားနိုင်ငံက အသင့်ရှိနေတယ်လို့လည်း ဝန်ကြီး ဆူဂီအိုနိုက ပြောပါတယ်။
ဒါ့အပြင် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ လမ်းညွှန်မူဘောင်အဖြစ် အကြမ်းဖက်မှုတွေ ရပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့တွေ ပါဝင်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အရေးပါတဲ့အကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် သဘောတူလာခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ ၅ နှစ်နီးပါး ရှိလာပြီဖြစ်ပေမဲ့ စစ်အာဏာရှင်ဘက်က လိုက်နာဆောင်ရွက်တာ မရှိပေမဲ့ အာဆီယံအနေနဲ့ ဒီသဘောတူညီချက် ၅ ချက်ကိုသာ ဆက်လက်ဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ကတော့ ဒီမိုကရေစီစနစ်နဲ့အညီ နိုင်ငံရဲ့ အနာဂတ် ကောင်းကျိုးတွေကို ဆောင်ရွက်ပေးနိုင်မဲ့ အာမခံချက်ရှိတဲ့ အစိုးရတရပ်အဖြစ် ဆောင်ရွက်သွားမဲ့ အကြောင်း၊ သူ့အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေ အားကိုးရပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတခုအဖြစ် ဖော်ဆောင်ပေးနိုင်တဲ့ မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရတရပ်အဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမဲ့အကြောင်းတွေ ပြောဆိုခဲ့တယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့လည်း သီးသန့်တွေ့ဆုံပြီး ၂ နိုင်ငံအဆင့်နဲ့ ဒေသတွင်းအဆင့် နှစ်ဖက် အပြန်အလှန် စိတ်ဝင်စားတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတဲ့အပြင် အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံအကြား စီးပွားရေး၊ ပညာရေးနဲ့ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံအတွက် မြန်မာနိုင်ငံဟာ အာဆီယံမိသားစုရဲ့ ခွဲထုတ်လို့မရတဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်တယ်၊ ဒါကြောင့် ငြိမ်းချမ်း၊ တည်ငြိမ်ပြီး သာယာဝပြောတဲ့ ဒေသတခု ဖြစ်လာစေဖို့အတွက် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးနဲ့ အပြုသဘောဆောင်ကာ ဆက်လက် လက်တွဲ ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး ဆူဂီအိုနိုက ပြောပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ မြန်မာနဲ့ အင်ဒိုနီးရှား နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေး၊ သံတမန်ဆက်ဆံရေး အပါအဝင် ၂ နိုင်ငံဆက်ဆံရေးမှာ ကဏ္ဍသစ်တရပ် ဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်အာဏာရှင်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအပေါ် အင်ဒိုနီးရှားနိုင်ငံက အပြုသဘောဆောင် ကြိုဆိုခဲ့တာအတွက် ကျေးဇူးတင်ရှိတယ်၊ မြန်မာအနေနဲ့ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာ တာဝန်သိအဖွဲ့ဝင်နိုင်ငံ တနိုင်ငံ အနေနဲ့ ပါဝင်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမှတဆင့် အစိုးရသစ်တရပ် ထွက်ပေါ်လာတာနဲ့အတူ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို အင်ဒိုနီးရှားက အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့တယ်လို့ စစ်အာဏာရှင်ဘက်က သတင်းထုတ်ပြန်ပေမဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ထုတ်ပြန်ချက်မှာတော့ ရွေးကောက်ပွဲနဲ့ အစိုးရသစ်ကို အသိအမှတ်ပြုတဲ့အကြောင်း ဖော်ပြထားတာ မတွေ့ရပါဘူး။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီး ၂ လလောက်အကြာမှာ နေပြည်တော်ကို ရောက်လာတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအပြင်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေလည်း မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထောက်ခံကူညီဖို့အတွက် စစ်အာဏာရှင်ဘက်ကိုရောသာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ထိတွေ့ဆက်ဆံနေတာ ဖြစ်ပါတယ်။
ဝန်ကြီး ဆူဂီအိုနိုက "အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူအားလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိပြုထားဆဲ ဖြစ်ပါတယ်။ ဒါမှလည်း ကျနော်တို့အနေနဲ့ ဆွေးနွေးမှုတွေကို ဖန်တီးနိုင်မှာဖြစ်ပြီး အားလုံးပါဝင်နိုင်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တွန်းအားပေးနိုင်မှာ ဖြစ်ပါတယ်" လို့ ဒီကနေ့ ဗီဒီယိုထုတ်ပြန်ချက်တခုကနေတဆင့် ပြောပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကင်ဟွန် ကတော့ အာဆီယံအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုကို ပြန်လည်ချိန်ညှိနေကြတယ်လို့ မကြာသေးမီက ကျင်းပခဲ့တဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ ပြောထားပါတယ်။
Source: Jakarta Globe/ MOFA










