DVB Logo
Home
Lead Story
ပျဉ်ကြားစေ့မရရွေ့ ပျဉ်ထောင်စုခြံဝန်းကောင်း မဖြစ်
DVB
·
January 30, 2019
ပျဉ်ကြားစေ့မရရွေ့ ပျဉ်ထောင်စုခြံဝန်းကောင်း မဖြစ်
Donate to DVB

ပန်းဥယျာဉ်၊ ရေကန်၊ သစ်ပင်ပန်းမံတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အေးချမ်းတဲ့ ခြံဝန်းကြီးတခုမှာ စာရေးသူ မွေးဖွားကြီးပြင်းခဲ့တယ်။ ခြံဝန်းထဲနေ ပြည်သူအစုံနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝလေးက ပျော်ရွှင်စရာ။ ဒဏ္ဍာရီပုံပြင်ထဲကလို စိတ်ဝင်စားဖွယ် သမိုင်းကြောင်းလေးရှိတဲ့ ဒီခြံဝန်းရဲ့ စည်းရိုးကို ၁၉၄၇ ခုနှစ်တွင် သေချာသပ်ရပ်စွာ တည်ဆောက်ခဲ့ပြီး ခြံတံခါးလေးပေါ်က "လွတ်လပ်ရေး" ဆိုသည့် အမည်ဆိုင်းပုဒ်လေးကိုတော့ဖြင့် ၁၉၄၈ ခုနှစ်တွင် ချိတ်ဆွဲသည်ဟု ဝန်းနံရံပေါ် ကမ္ပည်းထိုးထားသည်ကို တွေ့ရသည်။ ဒီခြံဝန်းလေးက ပထဝီအနေအထားအရ အချက်အခြာကျတဲ့ ပင်လယ်ကမ်းစပ်နားမှာ ရှိနေလေတော့ ကပ်ရက်ရှိ ခြံဝန်းကြီးများ၏ စည်းရိုးတိုး စီးပွားခိုးလိုသည့် အခြေအနေကလည်း အမြဲစိုးရိမ်စရာ။

ငါးပိတို့စရာနဲ့ ထမင်းမြိန်မြိန်ကြိုက်တဲ့ ဒီခြံဝန်းနေ ပြည်သူတွေဟာ ရိုးသားကြသလို မိရိုးဖလာ ဓလေ့ စဉ်မပျက် ထိန်းလာကြသူတွေလည်း ဖြစ်သည်။ စာရေးသူ ကြီးပြင်းလာသည့်အချိန် ခြံကြီးရဲ့ ဝေယျာဝစ္စတွေကို စီမံကွပ်ကဲသူ လူကြီးများက ဒီခြံဝန်းစည်းရိုးကို ၂ ကြိမ်တိုင်တိုင် ထပ်မံပြင်ဆင်ခြင်း၊ အသစ်လဲခြင်းတို့ ပြုလုပ်ခဲ့ပြန်သည်။ သို့သော်… ခြံစည်းရိုး အုတ်မြစ်တွေ မခိုင်ခဲ့တော့ ထောက်တိုင်တွေ ယိုင်လာပြီး စည်းရိုးပေါ် ရိုက်ထားတဲ့ ပျဉ်တိုပျဉ်ရှည်တွေလည်း ခွာလှန်ကျိုးကျဲ ဖြစ်ရချေပြီ။ အခုလို ပြိုလဲယိုင်ကျဲ ဖြစ်နေသည့် ခြံစည်းရိုးကြောင့် တံခါးမရှိ ဓားမရှိ အဝင်အထွက်လွယ်လာခြင်း၊ ခြံပြင် တဲထိုး ခြံတွင်း တင်းကုပ်ထိုး ဖြစ်လာရခြင်းများကြောင့် ဝန်းအတွင်း နေထိုင်သူတို့ အေးချမ်းလုံခြုံမှု လျော့နည်းလာရပြီး လူဆိုး၊ သူခိုး၊ လုယက်၊ ရမ်းကား၊ မုဒိမ်းကျင့်၊ လူသတ်၊ ကလေးခိုး၊ လူကုန်ကူး၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချ သုံးစွဲခြင်းများ စသည့် ဒုစရိုက်စုံ ပို၍ တိုးလာရသည်။

ထိုဒုစရိုက်မှုပေါင်းစုံကို ဖြေရှင်းရာတွင် ခြံဝန်းစည်းရိုးသည် အဓိက ခရာအကျဆုံး ဖြစ်ကြောင်း၊ သပ်ရပ်ခိုင်ခံ့သည့် ခြံဝန်းစည်းရိုး ဖြစ်လာမှသာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရမှုအတွက် လွန်စွာ အထောက်အကူပြုမည်ဖြစ်ကြောင်း တီးတိုးထောက်ပြသူတွေ တဖွားဖွား ပေါ်လာခဲ့သည်။ ထိုအထဲတွင် တထစ်ချ ကျယ်ကျယ်လောင်လောင် ထောက်ပြခဲ့သူ အမှန်တရားဘက်တော်သား တဦးမှာတော့ မသမာ ဒုစရိုက်သမားတို့၏ လက်ချက်ကြောင့် အသက်ပေးဆပ်ခဲ့ရသည်မှာ ယခုဆိုလျှင် ၂ နှစ် ပြည့်လုပြီ။ သို့သော် ခြံစည်းရိုးကို မည်သို့မည်ပုံ ပြင်ဆင်တည်ဆောက်ကြရေးဆိုသည့် ထောက်ပြမှုတွေကတော့ ရပ်မသွား။ ပို၍သာ ကျယ်လောင်လာခဲ့ပြီ။

ခြံစည်းရိုး အင်္ဂါရပ်များအရ အုတ်မြစ်၊ ပျဉ်ထောက်တိုင်များ၊ ပျဉ်ပြားများ၊ အိမ်ရိုက်သံများ စသည်တို့ ပေါင်းစပ်ပါဝင်ရမည်ဖြစ်ပြီး ပျဉ်ထောက်တိုင်များနှင့် ပျဉ်ချပ်များ ညီညာခိုင်ခံ့အောင် စီရီနိုင်မှသာ သပ်ရပ်လှပသည့် ပျဉ်ထောင်စုခြံဝန်းလေး ဖြစ်လာချေမည်။ သို့သော် ၁၇ နှစ်တာ ဆိုသည့် အချိန်ကာလယူပြီး ဤခြံစည်းရိုးကို ပြန်လည်တည်ဆောက်ခဲ့ရာ ၂၀၀၈ ခုနှစ်တွင် ပြီးစီးခဲ့သော်ငြားလည်း အုတ်မြစ်မခိုင် သံမနိုင်သရွေ့ ပျဉ်ထောက်တိုင်နှင့် ပျဉ်ပြားတို့ ယိုင်နေမည်ကတော့ အသေအချာ။ ဆိုတော့ကာ ပျဉ်ထောင်ပျဉ်ညှိ လုပ်နေရုံဖြင့် ခြံစည်းရိုး ခိုင်ခံ့နိုင်ပါဦးမလား။ အုတ်မြစ်မခိုင်သဖြင့် ကန့်လန့်တိုက်သယောင် စောင်းယိုင်နေသည့် အဓိကပျဉ်ထောက်တိုင်များကို သံတွေပြန်နုတ် ပျဉ်ပြန်စီခြင်း လွယ်ကူနိုင်ပါ့မလား။ သို့တည်းမဟုတ် အစကနေပြန်ပြီး အုတ်မြစ်အသစ်ပြန်ထိုင် စနစ်တကျ ပျဉ်စီသံရိုက်လုပ်ပြီး လှပသေသပ် ခိုင်ခံ့တဲ့ ခြံစည်းရိုးဝန်းလေး ဖြစ်လာအောင် လုပ်ဆောင်ကြမလားဆိုတာ စဉ်းစားချိန်တန်ပြီ။

ဤနေရာတွင် ပန်းရန်ဆရာ ဦးခြေဥက အုတ်မြစ်ချ ပျဉ်စီ သံရိုက် လုပ်ရတယ်ဆိုပေမယ့် ဦးလွှတ်တော်မိသားစုကသာ အဓိက စီမံကွပ်ကဲသူတွေဖြစ်တော့ လက်ရှိ ပန်းရန်ဆရာ ဦးခြေဥကိုပဲ ပြန်ချော့ခေါ်ပြီး ပြင်ခိုင်းမလား၊ ဒါမှမဟုတ် ပန်းရန်ဆရာ ဦးခြေဥအသစ်ကို ခန့်အပ်မလားဆိုတာ ခြံဝန်းနေ ပြည်သူတွေအနေနဲ့ ဝေခွဲဆုံးဖြတ်ကာ ဦးလွှတ်တော်မိသားစုကို ဖျောင်းဖျ တောင်းဆိုရပေမည်။ သို့မဟုတ်ပါက လက်ရှိ ခြံစည်းရိုးအတိုင်းသာ ဆက်ထား၊ ပျဉ်ကြားစေ့မရ၊ ပျဉ်ထောင်စုခြံဝန်း မလုံခြုံ ဖြစ်နေသမျှ ကာလပတ်လုံး ခြံဝန်းအတွင်း ဖြစ်ပွားနေသော ဒုစရိုက်မှု မျိုးစုံတို့ကို ထိရောက်စွာ ထိန်းချုပ်ရန် ခက်ခဲနေဦးမည်ဖြစ်ပြီး ပြည်သူများမှာလည်း အသက်အိုးအိမ်စည်းစိမ် အေးချမ်းလုံခြုံမှုအတွက် နေ့စဉ်နှင့်အမျှ သောကပွေရချေမည်။

ဆိုတော့ကာ အုတ်မြစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သံဆိုသည့် ခြေဥပါ ဥပဒေသများ၊ ပျဉ်ထောက်တိုင်တွေဆိုသည် အစိုးရအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းစုံ၊ ပျဉ်ပြားများသည် နိုင်ငံ့ကဏ္ဍစုံ၊ ခြံဝန်းစည်းရိုးဆိုသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် စာဖတ်သူတို့ ရှုမြင်ကြည့်ပါစို့။

ဤသို့ဆိုလျှင်….

အုတ်မြစ်မခိုင် သံမနိုင်သရွေ့

ပျဉ်ကြားစေ့မရ ဖြစ်ပြီး

သေသပ်လှပ ရှုမငြီးတဲ့

ပျဉ်ထောင်စု ခြံဝန်းကောင်းလေး ဖြစ်လာဖို့ဆိုတာတော့

အိပ်မက်လေး တခုသာပဲပေါ့....။          ။

ဒေါက်တာ သိန်းမိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013