DVB Logo
Home
မြန်မာသတင်း
နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူမထိခိုက်စေရေး ရှောင်းရှားတိုက်ခိုက်ပေးရန် တောင်းဆို
DVB
·
January 29, 2019
နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူမထိခိုက်စေရေး ရှောင်းရှားတိုက်ခိုက်ပေးရန် တောင်းဆို
Donate to DVB

တပ်မတော်နဲ့ အေအေ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားကြတဲ့အခါ ပြည်သူတွေကို အတတ်နိုင်ဆုံး မထိခိုက်အောင် ရှောင်ရှားပြီး တိုက်ခိုက်ကြဖို့ ထိခိုက်ဒဏ်ရာရသွားတဲ့ ကျေးရွာဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာ အနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ ဇန်န၀ါရီ ၂၆ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ၂၈ ရက်နေ့မှာလည်း သမီးလှကျေးရွာအနီး အုန်းချောင်းမှာလည်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

သမီးလှကျေးရွာမှာ လက်နက်ကြီးကျလို့ အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး ကျည်စမှန်တဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်လည်း ရန်ကုန်အထိ တက်ရောက်ဆေးကုသဖို့ လုပ်ဆောင်ရင်း အဲဒီဒဏ်ရာနဲ့ပဲ ဇန်န၀ါရီ ၂၈ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

ဦးခေါင်းမှာ ဒဏ်ရာရှိခဲ့တဲ့ သမီးလှရွာကျးရွာက ကိုမောင်ဝင်းလှိုင်က “ခံစားရတာက အခုလို စစ်သားတွေ ရွာတွေကိုဝင်လို့ ပြည်သူလူထု၊ ရွာသားတွေကို ဘာမှမဖြစ်စေဘဲနဲ့ သူတို့ဟာသူတို့ ပစ်ချင်သလို ပစ်ကြပေါ့။ ရွာသားတွေကို လွတ်အောင်ပစ်စေချင်တယ်”လို့ ပြောပါတယ်။

လက်နက်ကြီးကျည်စ မှန်ဒဏ်ရာရှိခဲ့သူတဦးဖြစ်တဲ့ အသက် ၂၇ အရွယ် မနွယ်နွယ်ဦး “အဲဒီနေ့က တပ်မတော်သားတွေဟာ တရွာလုံးက ရွာသားတွေကို ခေါ်ယူပြီးတော့ စာသင်ကျောင်းမှာ စုပေါင်းထားပြီးတော့ တနေကုန် လှောင်ထားခဲ့တယ်၊ ထမင်းလည်းမစားရဘူး။ ရေလည်းမသောက်ရဘူုး။ တချို့ကလေးတွေဆို နေမကောင်းဖြစ်ကြပါတယ်။ ညနေရောက်တော့ အိမ်ထောင်စုတွေစစ်တယ်။ တော်တော်ရက်စက်ကြပါတယ်။” လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားတာကြောင့် နေအိမ်တွေ တော်တော်များများ ပျက်စီးသွားသလို ရွာသား ၆ ဦးထက်မနည်း ဒဏ်ရာတွေရရှိခဲ့သလို ကလေးငယ်တဦးလည်း မနေ့ညက သေဆုံးသွားပါတယ်။

ဒါ့အပြင် ကျေးရွာသားတွေပိုင်ဆိုင်တဲ့ သိန်းထောင်နဲ့ချီတဲ့ လက်ဝက်လက်စားတွေ၊ ငွေတွေနဲ့ အဝတ်အထည်တွေ၊ ဆန်တွေ စတဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ သမီးလှကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏသီရီကပြောပါတယ်။

“ရွှေသားအစစ်ကို ပြောရမယ်ဆိုရင် ဒီလူ့မှာ လက်စွပ်ပါသွားတယ်၊ ဒီလူ့မှာ လက်ကောက်ပါတယ်၊ နားကပ်ပါတယ်၊ စသဖြင့် ပါသွားကြတယ်။ ရွှေသားစစ်ကတော့ အခုကာလတန်ဖိုးနဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သိန်းတစ်ထောင်ကျော်နဲ့တောင် ရွှေနဲ့မျှမယ် မထင်ပါဘူး။ ငွေသားဆိုတာလည်း ကျန်သေးတယ်။ ၁၇ သိန်းပါဆုံးသွားသူတွေ၊ ၂၇ သိန်းပါသွားသူတွေ သောင်းဂဏန်းကစပြီး သိန်းဂဏန်းထိ ရှိကြပါတယ်။”

အဲဒီလုပ်ရပ်အပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က အခုလို သုံးသပ်ပါတယ်။

“အခုဖြစ်နေတဲ့ပုံစံက ဒီတိုက်ပွဲထဲမှာ ရွှေပျောက်တာတို့၊ ငွေပျောက်တာတို့ အိမ်တွေကို ဖောက်ထွင်းတာတို့ ယူဆောင်တာတို့တွေ ဖြစ်လာတဲ့အခါကျတော့ ဒီဟာကတော့ မလုပ်သင့်တဲ့ အလုပ်တွေပဲ။ ဘယ်လက်နက်ကိုင်အဖွဲ့ပဲဖြစ်ဖြစ် ဒီတိုက်ပွဲဖြစ်တယ်ဆိုတာက အယူ ဝါဒချင်းမတူတဲ့အခါ ရည်ရွည်ချက်ချင်း မတူတဲ့အခါ အတွေးခေါ်ချင်းမတူတဲ့အခါ ဖြစ်တတ်တဲ့သဘောပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒေသခံတွေအပေါ်မှာ လုပ်တာမျိုး၊ ဒေသခံတွေမှာ ချွေးနှဲစာတွေ စုထားတဲ့ဟာတွေကို ဓားပြတိုက်တာထက်ဆိုးတယ်လို့ မြင်တယ်။”

တပ်မတော်လုပ်ထုံးလုပ်နည်းအရ ရွာကို နယ်ခြားစောင့်ရဲ့နဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးအရ စစ်ဆေးတာတွေ၊ လုံခြုံရေးအရ ရှာဖွေတာတွေ လုပ်ဆောင်တဲ့အချိန်မှာ ပစ္စည်းတွေ ယူသွားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာဟာ စွပ်စွဲတာသာဖြစ်တယ်လို့ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဗွီဘီ ကို ပြောပါတယ်။

သတင်း-ဓာတ်ပုံ ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013