DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မြို့ထဲတွင် လုပ်ငန်းရှင် သူဌေး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
January 29, 2019
တာချီလိတ်မြို့ထဲတွင် လုပ်ငန်းရှင် သူဌေး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်ရှိ အခါဈေးရှေ့မှာ   ဒီကနေ့မွန်းလွဲပိုင်းက လုပ်ငန်းရှင်သူဌေး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။

တာချီလိတ်မြို့က လုပ်ငန်းရှင်သူဌေးအဖြစ် လူသိများတဲ့ ဦးအားဖာ ခေါ် စန်းယိင်ဖာ ဆိုသူမှာ ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်က သူ့ကိုယ်ပိုင် တိုယိုတာ Cygnus အဖြူရောင်ကားကို မောင်းနှင်ပြီး ဈေးရှေ့မီးပွိုင့်မှာ ရပ်လိုက်စဉ် လူ ၂ ယောက်ဆိုင်ကယ်နဲ့လာပြီး ပစ်ခတ်သွားတာလို့  ၀ိန်းကျောက်ရပ်ကွက် ဒေသခံ စိုင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဈေးရှေ့မှာ ပစ်ခတ်မှုဖြစ်တယ်ဆိုလို့ ကျနော်တို့လည်း အမြန်သွားကြည့်တာ၊ ဟိုရောက်တော့ သေနတ်ကျည်ဆန် မှန်ထားတဲ့ကားကိုပဲ တွေ့တယ်၊ လူက ဆေးရုံကို ခေါ်သွားပြီ၊ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ ပွဲချင်းပြီး ဆုံးတယ်လို့လည်း ပြောနေကြတယ်ခင်ဗျ။ ကျည်ဆန်က ကားမောင်းသူထိုင်တဲ့ ညာဘက်ကမှန်ကို ဖောက်ထွက်သွားတယ် ၅ ချက်ရှိတယ်။ လူ ၂ ယောက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး ပစ်သွားတာတဲ့၊ လူပုံစံတော့ ဘယ်သူမှမမှတ်မိလိုက်ဘူး။”

သေနတ်ပစ်ခံရသူမှာ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ်ရှိ ဦးအားဖာ ခေါ် စန်းယိင်ဖာ ဆိုသူ တရုတ်အမျိုးသားတဦးဖြစ်ကြောင်း၊ သူဟာ ရွှေတူးလုပ်ငန်း၊ ဓာတ်ဆီဆိုင်နဲ့ အခြားကုမ္ပဏီတွေပိုင်ဆိုင်တဲ့ သူဌေးတယောက်ဖြစ်ပြီး အလှူအတန်းရက်ရော သူအဖြစ် တာချီလိတ်မှာ လူသိများတယ်လို့ ဆိုပါတယ်။

“သေနတ်နဲ့ပစ်သွားတဲ့ ဆိုင်ကယ်က ဟွန်ဒါဝေ့ (စ်) အပြာရောင်ပါ၊ သေနတ်သမားက ဦးထုပ်ဆောင်းထားပါတယ်၊ အခုလောလောဆယ် မှုခင်းဖြစ်ပွားတဲ့ နေရာအနီးအနားက CCTV တွေ လိုက်စစ်နေပါတယ်” လို့ မြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက (ပ) ၅၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့်လှစ်ထားပါတယ်။

မြို့လယ်ခေါင်မှာ အခုလိုပစ်ခတ်မှု ဖြစ်ပွားပြီး လူတွေ အထိတ်တလန့်ဖြစ်ကုန်ပေမယ့် ဈေးရောင်းဈေးဝယ်တော့ ပုံမှန်ပြန်ဖြစ်ကြောင်း၊ တာချီလိတ်မှာ လက်နက်ကိုင်အဖွဲ့များစွာရှိပြီး အခုလို ပစ်ခတ်မှုမျိုးတွေ မကြာခဏကြားရပေမယ့် တရားခံကို ဖမ်းဆီးရမိတာတော့ မတွေ့ဖူးဘူးလို့ ဒေသခံက ပြောသွားပါတယ်။

သတင်း - နန်းမြနဒီ၊ စောလှမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013