DVB Logo
Home
မြန်မာသတင်း
နီလာစတား စက္ကူစက် အလုပ်သမားများ ဆန္ဒထုတ်ဖော်
DVB
·
September 20, 2012
Donate to DVB

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း စက်မှုဇုန် နီလာစတား စက္ကူစက် အလုပ်သမား ၅၀ ဟာ ဒီနေ့မနက်ပိုင်း သူတို့ရဲ့ရပိုင်ခွင့်တွေကို အလုပ်ရှင်ဆီမှာ ဆန္ဒထုတ်ဖော် တောင်းဆိုနေကြပါတယ်။

နီလာစတား စက္ကူစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ၅၀ ၀န်းကျင်လုံးက သူတို့ရဲ့ရပိုင်ခွင့်တွေကို မနေ့က အချက် ၇ ချက်နဲ့ စတင်တောင်းဆိုပြီး ဒီနေ့မှာတော့ အချက် ၄ ချက်နဲ့ တောင်းဆိုနေတာလို့ ဆန္ဒထုတ်ဖော်နေတဲ့ အလုပ်သမားတဦးက ပြောပါတယ်။

“အချက် ၄ ချက်က လစာငွေထဲက ၁၀ ရာခိုင်နှုန်းကို ဖြတ်ပြီး စုထားတဲ့ ကိစ္စ၊ အဲဒါကို လုံးဝမစုဘူး၊ အပြည့်အ၀ ကျနော်တို့ကို ပေးဖို့။ နံပါတ် ၂ က ရက်မှန်ကြေးနဲ့ ရှားပါးစရိတ် ၅၀၀၀ စီမှာ ရက်မှန်ကြေး ၅၀၀၀ ကို ရှားပါးစရိတ် ၅၀၀၀ ပေါင်းပေးဖို့။ နံပါတ် ၃ အချက်က ဥပဒေကသတ်မှတ်ထားတဲ့အတိုင်း လုပ်သက်ခွင့်၊ ရှောင်တခွင်ခွင့်၊ ဆေးခွင့်တွေ ခံစားခွင့်ပေးဖို့။ နံပါတ် ၄ အချက်က အဆောင်ကြေးနဲ့ ထမင်းစရိတ်ကို ၃၇၀၀၀ လို့ ပြောထားတယ်။ အခုကျတော့ ၈ လပိုင်းက စပြီး လစာဘေလ်စာရင်းထဲမှာ ၂၀၀၀၀ လို့ ပြထားတယ်။ ၁၇၀၀၀ ထောင်ပျောက်နေ တယ်။ အဲဒါကိုလည်း လစာစာရင်းထဲထည့်ပေးဖို့ တောင်းဆိုထားတယ်။”

သူတို့ကို အလုပ်စခန့်တုန်းက အနိမ့်ဆုံး အလုပ်သမားတဦးကို နေထိုင် စားသောက်စရိတ်ငြိမ်း လစာအသားတင် ၃ သောင်း ပေးထားပြီး၊ အခုဩဂုတ်လကစပြီး ရက်မှန်ကြေးနဲ့ ရှားပါးစရိတ်ကို ထပ်ပိုပေးတာမဟုတ်ဘဲ လစာထဲမှာ အခြေခံလစာ ၂ သောင်းနဲ့ အပိုကြေး ၁ သောင်းဆိုပြီး ခေါင်းစဉ်ပေါင်းထည့်ထားတယ်လို့ ပြောပါတယ်။

နောက်ပြီး အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ လစာငွေ  ၁၀ ရာခိုင်နှုန်းကို အလုပ်ရှင်က ဖြတ်တောက်ပြီး စုပေးထားမယ်ဆိုတာကိုလည်း အလုပ်သမားတွေက သဘောမတူကြဘူးလို့ ပြောပါတယ်။

“အဲဒီ ၁၀ ရာခိုင်နှုန်းကို စုပေးပြီးတော့ လုပ်သက် ၆ လပြည့်ရင် စုထားတဲ့ငွေထဲက တ၀က်ကို ချေးငွေအဖြစ် ပြန်ပေးတယ်။ တကယ်လို့ အလုပ်ထွက်မယ်ဆိုရင် ထွက်စာ ၁ လကြိုတင်ရတယ်။ ထွက်စာတင်ထားတဲ့အတွင်းမှာ အလုပ်သမား ရှာဖွေလို့ရမှာ ထွက်ခွင့်ပေးပြီး အဲဒါကိုထုတ်ပေးမယ်။ ရိုးရိုးနေမကောင်းဖြစ်ရင်လည်း ခွင့်တော့ပေးတယ်၊ ဒါပေမယ့် အလုပ်ပျက်ရက်ကို လစာဖြတ်တယ်။ ဆေးလက်မှတ်ပြမှ နားခွင့်ပြုတယ်။”

အခုသူတို့ရဲ့ရပိုင်ခွင့်တောင်းဆိုနေတာကို အစိုးရပိုင်းက လူတွေလည်း ရောက်လာပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင်အပါအ၀င် အလုပ်ရှင်နဲ့ ၀င်ရောက်ဆွေးနွေးနေကြ တယ်လို့ ပြောပါတယ်။

နီလာစတား စက္ကူစက်ပိုင်ရှင်က နီလာဒံပေါက် လုပ်ငန်းရှင် ဒေါ်စန်းမြင့် ဖြစ်ပြီး မန်နေဂျင်းဒါရိုက်တာက ဒေါ်နီလာမြင့် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013