DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့ရေးအဆို ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်သဘောတူ(ရုပ်သံ)
DVB
·
January 29, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့ရေးအဆို ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်သဘောတူ(ရုပ်သံ)
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စောလျင်စွာပြင်ဆင်ရေးအတွက် ဥပဒေပြင်ဆင်ရေး ကော်မတီတရပ်ဖွဲ့ဖို့ အရေးကြီးအဆိုကို တပ်မတော်သား ကိုယ်စားလှယ်က ကန့်ကွက်ခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ပြီး ဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က သဘောတူလိုက်ပါတယ်။

မကွေးတိုင်းမဲဆန္ဒနယ် အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်  ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်။

“ဒီလိုအရေးကြီးအဆိုတရပ် တင်သွင်းတဲ့နေရာမှာလည်း လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေ မှာ မြန်မာနိုင်ငံသား ပြည်သူများအတွက် အရေးကြီးသက်ဆိုင်တဲ့ ကိစ္စလည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရန်လိုအပ်တဲ့ ကိစ္စလည်းဖြစ်တဲ့အတွက်ကြောင့် ဒီအရေးကြီး အဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။ ကျနော်တင်သွင်းမယ့် အရေးကြီးအဆိုကတော့ ပြည် ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးကိုလည်း ဖြန့်ဝေထားပြီးဖြစ်တဲ့အတိုင်း ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေးလုပ်ငန်း များကို စောလျှင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပေဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ တရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်ကို တိုက်တွန်းကြောင်းဆိုတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၆၆ အရ လေးစားစွာ တင်သွင်းခြင်းဖြစ်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်နဲ့ သွားနိုင်ရန် လိုအပ်ချက် တွေရှိနေတဲ့အပြင် ၉၇ ရာခိုင်နှုန်းသော တိုင်းရင်းသားပြည်သူတွေက ပြင်ဆင်လိုတဲ့ဆန္ဒရှိတဲ့ အရာတခုဖြစ်ကြောင်းလည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“မြန်မာနိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ပြည်သူလူထုရဲ့ ဆန္ဒသဘောထားများနှင့်အညီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်လေ့လောစေ့စပ်သုံးသပ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ကို သင့်လျော်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်များနဲ့ ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို စောလျှင်စွာ ဆောင်ရွက်နိုင်ပါရင် အခုအရေးကြီးအဆိုကို မြန်မာနိုင်ငံသူနိုင်ငံသား၊ မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ စစ်မှန်တဲ့ ဆန္ဒအပေါ်မှာ အခြေခံပြီးတော့ ပြည်ထောင်စု လွှတ်တော်ကို လေးနက်စွာ အဆိုပြုတင်သွင်းအပ်ပါတယ်။ ”

ဒီအရေးအကြီးအဆိုကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ ဒေါက်တာ ဝေဖြိုးအောင်က ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်ကိုယ်စားလှယ်တဦးက ဒီကော်မတီရဲ့ ပုဒ်မနဲ့ လုပ်ပိုင်ခွင့်တွေကို မသိနိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်ဆိုပြီး ကတိသစ္စာပြုထားသူတွေဖြစ်ကြောင်း လုပ်ထုံးလုပ်နည်းနဲ့အညီသာ ဆောင်ရွက်ဖို့ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

ဒီအဆိုကို ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က တပ်မတော်သား ကိုယ်စားလှယ်ဘက်က ဥပဒေကို လက်တလုံးခြား စကားသုံးနှုန်းတဲ့အပေါ်မှာ ကန့်ကွက်လိုက်သလို သတိပေးပြောဆိုခဲ့ပြီး ဒီတင်သွင်းချက်ကို လက်မခံကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်ပြီးတော့ တပ်မတော်သားကိုယ်စားလှယ်တွေက မတ်တပ်ရပ်ကန့်ကွက်ခဲ့ပြီး ဥပဒေနဲ့သာဆောင်ရွက်မှာဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောဆိုခဲ့ပါတယ်။

ဒီနောက် အရေးကြီးအဆိုဖြစ်တဲ့ စည်းပုံအခြေခံဥပဒေ စောလျင်စွာပြင်ဆင်ရေးအတွက် ဥပဒေပြင်ဆင်ရေး ကော်မတီတရပ်ဖွဲ့ဖို့ကိစ္စအဆို ဆက်လက်ဆွေးနွေးရန် သင့်မသင့် မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲ၊ ကြားနေမဲ ၃ မဲ နဲ့  မဲမပေးတာ ၁၈၇ မဲရှိနေပါတယ်။

ထောက်ခံမဲများတဲ့အတွက် ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော် နာယာကက အတည်ပြုခဲ့ပြီး ဆွေးနွေးမယ့်သူအနေနဲ့ ၃၁ ရက်နေ့ နောက်ဆုံးထား စာရင်းသွင်းဖို့ နဲ့ ဒီအဆိုကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်ကြောင်း လွှတ်တော်ကော်နာယာကက ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013