
ရခိုင်ပြည်နယ်၊ ပုဏ္ဏကျွန်းမြို့နယ်ရှိ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်တွေ ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက် ယာယီအဆောက်အအုံတွေ လိုအပ်နေတယ်လို့ အထက်မြတ်လှဲ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“သူတို့အခုနေထိုင်နေတာက မြေကြီးပေါ်မှာနေထိုင်နေရတာပါ။ အချိန်ကြာလာရင် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်နေပါတယ်။ စားနပ်ရိက္ခာတွေကတော့ အလှူရှင်တွေက လာရောက်လှူဒါန်းနေကြတာကြောင့် အခက်အခဲတော့ မရှိပါဘူး။ အဓိကကတော့ နေထိုင်ဖို့ အဆောက်အအုံ လိုအပ်နေပါတယ်။ မိုးရာသီရောက်ရင် ပိုဒုက္ခရောက်မှာပါ။”
အဲဒီ ဒုက္ခသည်တွေက ကျောက်တော်မြို့နယ် ပညာကြီးကျေးရွာ၊ တဲဝကျေးရွာ၊ ကင်အိတ်ကျေးရွာ၊ ခမောင်းကျေးရွာ၊ မီးချောင်းခုတ်ကျေးရွာ၊ ငစရိုင်းကိုင်းကျေးရွာ၊ ပလေးကိုင်းကျေးရွာ၊ သိန်းချောင်းကျေးရွာနဲ့ လေကွီးကျေးရွာ တို့မှ အေအေနဲ့ တပ်မတော် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကျေးရွာတွေကို စာနပ်ရိက္ခာတွေ ၀ယ်ယူခွင့် ပိတ်ထားလိုက်တဲ့အတွက် စားသောက်နေထိုင်ရေး အခက်အခဲတွေကြောင့် ထွက်ပြေးလာကြတဲ့သူတွေ ဖြစ်ပါတယ်။
ပညာကြီးကျေးရွာမှ ထွက်ပြေးလာတဲ့ ဦးမောင်လှဝင်းက “ကျနော်တို့ ဒီကို ရောက်တာ ၁ လနီးပါးရှိပါပြီ။ အခုလက်ရှိ အခက်အခဲကတော့ နေထိုင်ရေးပါ။ မြေကြီးပေါ်မှာသာ အိပ်နေရတဲ့ အခြေအနေပါ။ ဆောင်းရာသီမှာ အမိုးအကာမလုံတဲ့ နေအိမ်တွေကြောင့် ကျန်းမာရေး ထိခိုက်လာကြပါတယ်။ ကျန်မာရေးစောင့်ရှောက်မူလည်း လိုအပ်နေပါတယ်။ မိသားစု ၆ ဦးရှိပါတယ်။ ကလေးတွေတော့ အခုဒီမှာ ကျောင်းတက်နိုင်ပါတယ်။ စာအုပ်စာတမ်းကအစ ကျောင်းဝတ်စုံကအစ ကူညီထောက်ပံ့ပေးပါတယ်။ ရွာမှာတော မွေးမြူထားတဲ့ ကျွဲနွားတွေက ရှာလို့ရတဲ့သူမှာရသလို မရတဲ့သူတွေလည်းမရတော့ပါဘူး။ ပညာကြီးကျေးရွာမှာ အိမ်ခြေ ၂၀၊ လူဦးရေ ၁၂၃ ဦးရှိပါတယ်။ တိုက်ပွဲတွေမရှိရင်လည်း ရွာကို ပြန်ရင်အဆင်မပြေတော့ဘူး။ ဘာမှဝယ်ယူလို့မရသလို စားနပ်ရိက္ခာတွေ ၀ယ်ခွင့်သယ်ယူခွင့်လည်း မပေးဘူး” လို့ ပြောပါတယ်။
အဲဒီကျေးရွာတွေထဲက ကျောင်းသူ ၃၇ ဦး၊ ကျောင်းသား ၅၁ ဦး စုစုပေါင်း ၈၈ ဦးရှိပြီး KG တန်းမှ အဋ္ဌမတန်းအထိ ကျောင်းသူ/သားတွေဟာ အထက်မြတ်လှဲကျေးရွာရှိ စာသင်ကျောင်းမှာ ပညာသင်ကြားနေကြတာပါ။
ရခိုင်ပြည်နယ် ပုဏ္ဏကျွန်းမြို့နယ်ရှိ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းမှာ ဒုက္ခသည် အိမ်ထောင်စု စုစုပေါင်း ၁၀၂ စု ရှိပြီး ဒုက္ခသည်ဦးရေ ကျား ၂၃၅ ဦး၊ မ ၂၄၅ ဦး၊ စုစုပေါင်း လူဦးရေ ၄၈၀ ရှိတယ်လို့ သိရပါတယ်။











