DVB Logo
Home
မြန်မာသတင်း
ခွင့်ပြုချက်မရပေမယ့် ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် စီတန်းဆန္ဒထုတ်ဖော်မည်
DVB
·
September 20, 2012
Donate to DVB

စက်တင်ဘာ ၂၁ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ မှာ မြန်မာတနိုင်ငံလုံး စစ်ပွဲရပ်ဖို့ အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ချီတက်ကြမယ်လို့ သိရပါတယ်။

ဒီလို ဆန္ဒဖော်ထုတ်ဖို့ သက်ဆိုင်ရာက ခွင့်မပြုပေမယ့် ချီတက်ဆန္ဒဖော်ထုတ်ကြမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ် ပါတယ်။ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်နဲ့ တခြားအဖွဲ့တွေ စုပေါင်းပြီး နေပြည်တော်က လွှတ်တော်အဆောက်အဦနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးရှေ့မှာ ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ခွင့် တောင်းရာမှာ ခွင့်ပြုချက်မရခဲ့ပါဘူး။

ဒီလိုခွင့်ပြုချက်မရတဲ့အတွက် မနက်ဖြန်မှာ ဆန္ဒထုတ်ဖော်ပွဲလုပ် မလုပ် ညှိနှိုင်းဆောင်ရွက်နေ တယ်လို့ ကွန်ယက်အဖွဲ့ဝင်ကိုကျော်ဂုံးက ပြောပါတယ်။

အလားတူ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အနေနဲ့ မျိုးဆက်သစ် လူငယ်များ အဖွဲ့တွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ ပရဟိတအဖွဲ့နဲ့ ငြိမ်းချမ်းရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေကလည်း ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ မျိုးဆက်သစ်လူငယ်များအဖွဲ့ဝင် ကိုမိုးဃ်သွေးက ပြောပါတယ်။

အထူးသဖြင့် လက်ရှိကချင်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ချီတက် ဆန္ဒပြမှာဖြစ်သလို ဆုတောင်းပွဲလည်း လုပ်မယ်လို့ ပြောပါတယ်။

“မနက်ဖြန် ဆူးလေမြို့တော်ခန်းမမှာ ၁၀ နာရီမှာ လူစုပြီး ၁၁ နာရီမှာ စထွက်မယ်။ ဆန္ဒပြဖို့ ရှိတယ်။ အဲဒါက အင်းယားကန်ပေါင်ထိ လမ်းလျှောက်ချီတက်မှာ။ ကချင်ဒေသရဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြမယ်။ ပြီးရင် ညနေမှာ ဆုတောင်းပွဲ လုပ်မယ်။ ကျောက်တိုင်တတိုင်စိုက်မယ်။ မြို့နယ် ၈ ခုကို ဖြတ်သွား မယ်။ ကျောက်တံတား၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့် တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်မြို့နယ်တွေပေါ့။”

သက်ဆိုင်ရာက တားမြစ်ထားပေမယ့် ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒ ထုတ်ဖော်ပွဲကို ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကတည်းက ခွင့်ပြုမိန့်တင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် နည်းအမျိုးမျိုးနဲ့ ဟိုဟာ ဒီဟာ မပြည်စုံဘူးနဲ့ ပြန်သွားခိုင်းတယ်။ နောက်ဆုံး ပြည့်စုံသွားတဲ့နေ့ တနင်္လာနေ့ကျတော့ ခွင့်မပြုနိုင်ဘူးဆိုပြီး မြို့နယ် ၈ ခုလုံးက အကြောင်းပြန်တယ်။ အနောက်ပိုင်းခရိုင် ရဲမှူး ဒု-ရဲမှူး မျိုးအောင်က လမ်းလျှောက်ဆန္ဒပြတာမျိုး လူထုအင်အားနဲ့မလုပ်ဖို့ တားတယ်။ နောက်ဆုံးဖြစ်နေတဲ့ အခြေအနေက လှုပ်ရှားမှုကို တာဝန်ယူပြီးလုပ်ဆောင်နေတဲ့ အဖွဲ့သား ၄ ယောက် ရှိတယ်။ ကျနော် မိုးဃ်သွေး၊ ဘိုဘို၊ ထွေးယုမွန်၊ ခင်စန္ဒာညွန့်တို့ရဲ့ အိမ်တွေကို လိုက်ပြီး မေးမြန်းနေ တယ်။ လောလောဆယ် ရှောင်တိမ်းနေရတဲ့ အနေအထားမှာရှိတယ်။ ကျနော်တို့ကတော့ မဖြစ်ဖြစ်အောင် လုပ်မှာပါ။”

ဒီလိုအလားတူပဲ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမျိုးဇင်ဦးဆောင်တဲ့ လူမှုရေးအဖွဲ့ကလည်း ဒီ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကျင်းပသွားမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဦးမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ စစ်ဖြစ်နေတဲ့ ဖားကန့်မြို့ကို သွားရောက်ပြီး စစ်ပွဲတွေရပ်ဖို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ကတော့ မနက်ဖြန် ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ မှာ မြန်မာပြည်အခြေစိုက် လူမှုကွန်ရက် ၁၅ ဖွဲ့ ပူးပေါင်းပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ဦးတည်တဲ့ “တနိုင်ငံလုံး စစ်ပွဲရပ်” slogan နဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှု ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013