ကချင်ပြည်နယ်အစိုးရ ပြင်ဆင်ဖွဲ့စည်းရန် သမ္မတအမိန့်မပါဘဲတင်သွင်းလာသဖြင့် ကန့်ကွက်ခံရ

လစ်လပ်သွားတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနေရာကို အစားထိုးဖို့ခေါ်ယူကျင်းပတဲ့ ဒီနေ့ ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ သမ္မတအဆိုပြုရမယ့်ကိစ္စကို ပြည်နယ်အစိုးရ က အဆိုပြုလာတာကြောင့် ကန့်ကွက်ခံရပြီး ရပ်နားလိုက်ရပါတယ်။
ဒီအစည်းအဝေးမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာနကို လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာန အဖြစ် ၂ ခုခွဲပြီး ပြင်ဆင် ဖွဲ့စည်းလိုတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်ကို တင်သွင်းလာခဲ့ပါတယ်။
ဒီလိုတင်သွင်ရာမှာ သမ္မတအမိန့်မပါဘဲ ဝန်ကြီးချုပ်ရဲ့ အမိန့်နဲ့ပဲ တင်သွင်းတာလာဖြစ်လို့ တနိုင်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးဇော်ဝင်းက ကန့်ကွက်ခဲ့ပါတယ်။
“ကျနော်တို့ နားလည် ထားတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ) (၁) အရ ဝန်ကြီးဌာနတွေ ခွဲတာ၊ ဖြည့်စွက်တာ၊ ပြင်ဆင်တာက နိုင်ငံတော်သမ္မတကပဲ လုပ်ပိုင်ခွင့်ရှိတယ်လို့ ရေးထားတာ ကျနော်တို့ တွေ့တယ်။ အခုတင်လာတာက ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ၂/၂၀၁၉ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆိုပြီး တင်လာတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုဥပဒေကို ကျော်လွန်ပြီး လုပ်တာ ဖြစ်တယ် ဆိုပြီး ကန့်ကွက်တာပါ” လို့ ပြောပါတယ်။
နောက်ထပ် ကိုယ်စားလှယ် ၂ ယောက်ကလည်း ကန့်ကွက်ခဲ့ပြီး အစည်းအဝေးကို ခဏ ရပ်နားလိုက်ရပါတယ်။
“ခဏ ရပ်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ အခန်းမှာ ဥက္ကဋ္ဌကြီးရယ်၊ ကျနော်ပါတယ်၊ ဝန်ကြီးချုပ်ဟောင်းကြီး (တနိုင်း ၁ မဲဆန္ဒနယ် ကိုယ်စားလှယ်) ပါတယ်၊ ဝန်ကြီးချုပ်ကိုယ်စား အဆို လာပြုတဲ့ လမ်းပန်းဝန်ကြီးပါတယ်။ ဆွေးနွေးကြတာပေါ့။ ကျနော် ပြောလိုက်ပါတယ်။ တကယ်လို့ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက် ဘယ်လောက် ဘယ်လောက်အရ ဆိုပြီး ပြင်ပြီးတော့ ဖတ်ပေးရင် တင်သွင်းတာကို လက်ခံပေးမယ်လို့ ပြောတော့ လမ်းပန်းဝန်ကြီးကလည်း ကျနော့်ကို ဝန်ကြီးချုပ်က ခိုင်းတာ၊ အဲစာကြီးကို ကျနော်လည်း ပြင်မဖတ်ရဲဘူးဆိုတော့ ညှိလို့ မရဘူး ဖြစ်သွားတာပေါ့” လို့ ဦးဇော်ဝင်းက ပြောပါတယ်။
ဒီနောက်မှာ လွှတ်တော်အစည်းအဝေးပြန်စပြီး ဒီနေ့ အစည်းအဝေးကို ရပ်နားကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါတယ်။ ဘယ်နေ့ ပြန်စမယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၇ ခုနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ၄ ယောက်တို့ နဲ့ ဖွဲ့စည်းထားပြီး မကြာသေးခင်ကတော့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို တာဝန်ကရပ်စဲတယ်လို့ သမ္မတက ထုတ်ပြန်ခဲ့ပြီး စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့ကိုတော့ သူတို့သဘောအရ အနားယူခွင့်ပြုတယ်လို့ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ပဲခူးတိုင်း အစိုးရအဖွဲ့ စည်ပင်သာယာရေးနဲ့ လူမှုရေး ဝန်ကြီးက အလုပ်တာဝန်တွေများလွန်းတာကြောင့် ဌာနခွဲပေးဖို့ တောင်းဆိုခဲ့ပြီးနောက် သမ္မတရဲ့ အဆိုပြုချက်ကို လွှတ်တော်က လက်ခံပြီး စည်ပင်ကဏ္ဍကို သယံဇာတ၊ သစ်တောနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှာ ပူးပေါင်းပေးခဲ့ပါတယ်။











