DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများထံတွင် ရင်းနှီးမြှုပ်နှံရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
DVB
·
January 28, 2019
မြန်မာပြည်သူများထံတွင် ရင်းနှီးမြှုပ်နှံရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
Donate to DVB

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေဟာ မြန်မာပြည် နေရာတိုင်းမှာရှိနေပြီး မြန်မာပြည်သူတွေထံမှာ ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

"Invest Myanmar Summit 2019"  ဆွေးနွေးပွဲကို ဒီကနေ့မနက်က နေပြည်တော်မှာ စတင်ကျင်းပနေရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြား တိုက်တွန်းလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “အကြီးမြတ်ဆုံး ရင်းနှီးမြှုပ်နှံမှုဆိုတာ ပြည်သူလူထုတွေဆီမှာ ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်။ ကျမသွားတဲ့ နေရာတိုင်းမှာ ကျမတို့ရဲ့ ကလေးတွေဟာ ဉာဏ်ရည်ထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတာတွေ့ရတယ်။ သူတို့တွေဟာ ကျမတို့ရဲ့ အနာဂတ်အတွက် အာမခံဖြစ်တယ်၊ သူတို့ဟာ ကျမတို့တိုင်းပြည်အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက် အာမခံလည်းဖြစ်တယ်။ ဒါကြောင့် ကျမတို့ရဲ့ ပြည်သူတွေထံမှာ ကျမတို့ရဲ့ အလားအလာတွေအပေါ်မှာ  ရင်းနှီးမြှုပ်နှံပါလို့ မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လျှပ်စစ်မီးရရှိမှု အနည်းဆုံးတိုင်းပြည်အဖြစ် ဆက်ရှိနေသလို မြန်မာဆိပ်ကမ်းတွေဟာလည်း အဆင့်မြှင့်တင် ချဲ့ထွင်ဖို့လိုအပ်နေပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကအနေနဲ့  ဒီစိန်ခေါ်မှုတွေကို အခွင့်အလမ်းတွေအဖြစ်ပြောင်းလဲကြဖို့ လည်း တိုက်တွန်း ပြောသွားပါတယ်။

ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေ ရှာဖွေတွေ့ရှိနိုင်စေဖို့ ရည်ရွယ်ပြီး ဇန်န၀ါရီ ၂၈ ရက်ကနေ ၂၉ ရက်အထိ နှစ်ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။

ဆွေးနွေးပွဲဖွင့်ပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင် နဲ့ ပြည်တွင်းပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုင်းဒေသကြီးနဲ့  ပြည်နယ်ဝန်ကြီးချုပ်တွေက သက်ဆိုင်ရာဒေသတွေမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး  ဆွေးနွေးသွားကြဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013