DVB Logo
Home
မြန်မာသတင်း
တပ်မတော်ထုတ်ပြန်ချက် စွပ်စွဲချက်သက်သက်ဖြစ်ဟု ကေအန်ယူ တုံ့ပြန်
DVB
·
January 27, 2019
တပ်မတော်ထုတ်ပြန်ချက် စွပ်စွဲချက်သက်သက်ဖြစ်ဟု ကေအန်ယူ တုံ့ပြန်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဟာ ဆက်ကြေးကောက်တယ်၊ တပ်မတော်ကို ချောင်းမြောင်းပစ်ခတ်တယ်ဆိုပြီး တပ်မတော်ရဲ့ ထုတ်ပြန်ချက်ဟာ စွပ်စွဲချက် သက်သက်ပဲ ဖြစ်တယ်လို့ ကေအန်ယူက တုံ့ပြန်ကြေညာပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့အပေါ် အခုလို တုံ့ပြန်လိုက်တာပါ။

ကေအန်ယူဟာ ကရင်ပြည်သူလူထုရဲ့ ထောက်ခံပံ့ပိုးမှုနဲ့ ရပ်တည်နေတာဖြစ်ပြီး နယ်မြေထဲမှာ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးဆောင်ရွက်ဖို့အတွက် သတ်မှတ်ချက်နဲ့အညီ ပံ့ပိုးမှုတွေ ရယူတာဖြစ်ပြီး ဆက်ကြေးကောက်တယ်လို့ တပ်မတော်က ပြောတာဟာ အန်စီအေ (တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အန်စီအေမှာ မိမိနဲ့ သက်ဆိုင်တဲ့ အပစ်ရပ်နယ်မြေတွေအတွက် ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ တာဝန်ယူတာကို အသိအမှတ်ပြုထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပတဲ့ ကာလမှာ နယ်မြေတွေမှာ နှစ်ဖက် ညှိနှိုင်းသွားဖို့ ပုဒ်မတခု ထည့်သွင်းသဘောတူထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီအပေါ်မှာ ဆွေးနွေးဖို့ ကေအန်ယူက တောင်းဆိုတဲ့အခါ နယ်မြေ သတ်မှတ်တာကို မဆောင်ရွက်နိုင်သေးတဲ့အတွက် ဒီပုဒ်မကို အကောင်အထည် မဖော်နိုင်သေးဘူးလို့ အစိုးရနဲ့ တပ်မတော်က ငြင်းဆိုနေခဲ့တယ်လို့လည်း ထုတ်ပြန် ဖော်ပြထား ပါတယ်။

ကေအန်ယူက ဆက်ကြေးကောက်တယ်ဆိုတဲ့ တပ်မတော်ရဲ့ စွပ်စွဲချက်ဟာ အန်စီအေကို မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုနေတာ ဖြစ်ပြီး နှစ်ဖက်ကြား ယုံကြည်တာကို ထိခိုက်နိုင်တာကြောင့် ဒီပုဒ်မနဲ့ ပတ်သက်တဲ့ ဆွေးနွေးတာတွေ လုပ်ဖို့ ထပ်ပြီးတော့ တောင်းဆိုထားပါတယ်။

ချောင်းမြောင်း ပစ်ခတ်တာ၊ ကားမိုင်းခွဲတာ ဆိုတဲ့ တပ်မတော်ထုတ်ပြန်ချက်မှာပါတာနဲ့ ပတ်သက်ပြီးတော့လည်း ထိပ်တိုက်ရင်ဆိုင်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက် အန်စီအေမှာ လက်နက်ကိုင်အဖွဲ့တွေ နေရာချထားရေး ခေါင်းစဉ်ကို ထည့်သွင်းပြီး ဆွေးနွေးဖို့ သဘောတူထား ခဲ့တယ်လို့ ဆိုပါတယ်။

ကေအန်ယူနဲ့ အစိုးရတို့ ၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာလည်း ဒီအကြောင်း ဆွေးနွေးနိုင်ဖို့ အဆိုပြုလွှာကို အစိုးရနဲ့တပ်မတော်တို့ဆီ ကေအန်ယူက ပေးအပ်ခဲ့ပြီး အဲဒါကို ဆွေးနွေးဖို့ သဘောတူခဲ့ပေမယ့် အခုအချိန်ထိ နှစ်ဖက်တပ် မတွေ့နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

အခုလို နှစ်ဖက်တပ်က ခေါင်းဆောင်တွေ မတွေ့နိုင်သေးတဲ့အတွက် အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ရှုမြင်တာဟာ သိသိသာသာကွဲပြားနေပြီး နှစ်ဖက်တပ် တွေ့ဆုံ ဆွေးနွေးပွဲကို အမြန်ဆုံး ပြုလုပ်ဖို့ကိုလည်း ကေအန်ယူက ထပ်ပြီး တောင်းဆိုထားပါတယ်။

ဒီအချက်တွေကြောင့် တပ်မတော်ရဲ့ ထုတ်ပြန်ချက်ဟာ စွပ်စွဲချက် သက်သက်ဖြစ်ပြီး အန်စီအေအပေါ် အဓိပ္ပာယ်ဖွင့်ဆိုပုံ မတူတာတွေကို တပ်မတော်အနေနဲ့ လက်ခံဖို့၊ ဆွေးနွေးဘက်တွေရဲ့ ရပ်တည်မှုကို လေးစားပြီး ဘုံနားလည်မှု ရရှိရေးကို ရှေးရှုတဲ့ အကောင်အထည်ဖော်တာတွေ စတင်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အန်စီအေအပေါ် တူညီတဲ့ ဘုံသဘောထား မညှိနှိုင်းနိုင်သေးတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နှစ်ဖက်သဘောထား ကွဲလွဲတာတွေကို အင်အားသုံးဖြေရှင်တာ မလုပ်ဖို့နဲ့ အန်စီအေ သဘောတူညီချက်ကိုလည်း လိုက်နာဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။

တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲထားတဲ့ ၂၀၁၈  ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉၊ ဇန်နဝါရီ ၂၄ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းတိုက်ပွဲ ဖြစ်ပွားမှု ၁၃ ကြိမ်၊ နယ်မြေကျော်လွန်လှုပ်ရှားမှု ၁၆၈ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၀ ကြိမ်၊ လူသစ်စုဆောင်းမှု ၂၀ ကြိမ်၊ တပ်မတော်အားချောင်းမြောင်းပစ်ခတ်မှု ၁၀ ကြိမ်နဲ့  ကားမိုင်းဖြစ်စဉ် ၂ ကြိမ်ဖြစ်ပေါ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013