DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းသင်္ကြန် ထပ်မံမပြုလုပ်ရန် တိုက်တွန်းမည်ဟု အရပ်ဘက်အဖွဲ့များ ပြော
DVB
·
January 27, 2019
ချင်းတွင်းသင်္ကြန် ထပ်မံမပြုလုပ်ရန် တိုက်တွန်းမည်ဟု အရပ်ဘက်အဖွဲ့များ ပြော
Donate to DVB

ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ ချင်းတွင်းသင်္ကြန်လို အခုနှစ် မုံရွာသင်္ကြန်မှာ ထပ်မံမပြုလုပ်စေဖို့နဲ့ မြို့ပေါ်မှာပဲ ရိုးရာမပျက်ကျင်းပနိုင်စေဖို့အတွက် အလွှာပေါင်းစုံ ပါဝင်တဲ့ ကော်မတီဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအစိုးရကို အကြံပြုတိုက်တွန်းသွားမယ်လို့ မုံရွာမြို့မှ အရပ်ဘက်အဖွဲ့စည်းက ပြောဆိုလိုက်ပါတယ်။

အခုနှစ် ကျင်းပမယ့် မုံရွာသင်္ကြန်ကို မြို့ရဲ့ရိုးရာမပျက်ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၂၆ ရက်နေ့က မြို့ခံ အရပ်ဘက်အဖွဲ့စည်းတွေ၊ အနုပညာရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အစည်းဝေးပြုလုပ်ခဲ့ကြပြီး အဲ့ဒီအစည်းဝေးမှာ အခုလို ပြောကြားခဲ့ကြတာပါ။

“ဒီနေ့မှာတော့ မုံရွာက အရပ်ဘက်အဖွဲ့စည်းတွေ၊ အနုပညာရှင်တွေနဲ့ မြို့ခံလူတွေ သုံးဆယ်ကျော်ပါဝင်တဲ့ ယာယီကော်မတီတခု ဖွဲ့လိုက်တယ်။ ဒီကော်မတီကနေ အစဉ်လာအရ မုံရွာမြို့မှာပဲ သင်္ကြန်ကျင်းပနိုင်ဖို့နဲ့ မနှစ်ကလို ချင်းတွင်းသင်္ကြန်ပုံစံမျိုး မပြုလုပ်စေလိုတဲ့ အကြောင်း ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ လူချင်းတွေ့ဆုံပြီး အကြံပြုတိုက်တွန်းသွားမှာ ဖြစ်ပါတယ်” လို့ မုံရွာမြို့ဒေသခံ ကိုအောင်နေမျိုးက ပြောပါတယ်။

အခု ဖွဲ့စည်းလိုက်တာဟာ ယာယီကော်မတီသာဖြစ်ပြီး နောက်ထပ် အရပ်ဘက်အဖွဲ့စည်းတွေ၊ အနုပညာရှင်တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေပါဝင်တဲ့ ကော်မတီတရပ်ဖြစ်နိုင်ဖို့ကိုလည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“အခုက ပြည်သူ့အားက ကြိုတင်ညှိနှိုင်းဖို့ရာ ဒီအင်အားတွေကောင်းလာပြီ။ အစီစဉ်တကျ ရေးဆွဲမယ်။ တင်ပြမယ်။ အဖွဲ့စည်းတွေ ဖွဲ့မယ်။တင်ပြတာကတော့ ပြည်သူ့အသံ၊ မလိုက်နာ ရင်တော့ အစိုးရတာဝန်ပေါ့။ မနှစ်ကလို ပြုလုပ်တဲ့ ချင်းတွင်းသင်္ကြန်ထပ် လုပ်လောက်မယ်တော့ မထင်ပါဘူး။ စနစ်တကျ ပြင်ဆင်မယ်၊ အဖွဲ့စည်းတွေ၊ ကော်မတီမှတဆင့် လုပ်ငန်းစဉ်တွေ ဘာတွေလုပ်မယ်။ နောက်ပြီး အချိန်မီတင်ပြမယ်ပေါ့။ ကျနော့်အနေနဲ့ အောင်မြင်မယ် ထင်ပါတယ်” လို့ မုံရွာမြို့မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဦးက ပြောပါတယ်။

မနှစ်က မုံရွာမှာ ကျင်းပခဲ့တဲ့ ချင်းတွင်းသင်္ကြန်နဲ့ပတ်သတ်ပြီး တိုင်းဒေသကြီးအစိုးနဲ့ မုံရွာမြို့က အရပ်ဘက်အဖွဲ့စည်းတွေကြားမှာ သဘောထားကွဲလွဲမှုတွေလည်း ဖြစ်ပေါ်ခဲ့တာပါ။

ချင်းတွင်းသင်္ကြန်ကျင်းပစဉ်က မုံရွာမြို့ ချင်းတွင်းမြစ်သဲသောင်ပြင်မှာ အပန်းဖြေနေရာတွေ၊ ရိုးရာပြခန်းတွေ၊ မဏ္ဍပ်တွေအပြင် ပြည်ပသဲပန်းပုပညာရှင်တွေနဲ့ ပြည်တွင်းက သဲပန်းပု ပညာရှင်တွေကို ငှားရမ်းခဲ့ပြီး သဲပန်းပုအမျိုးမျိုးကိုလည်း ထုဆစ် ပြသခဲ့ပါတယ်။

အဲ့လို ကျင်းပတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ရဲ့ ကုန်ကျမှုစရိတ်တွေနဲ့ ထိုနှစ်က မြစ်သောင်ပြင်မှာ ပြုလုပ်လိုက်တဲ့အတွက် မြို့ထဲလမ်းတွေမှာ အရင်နှစ်တွေထက် စည်ကားမှု လျှော့နည်းသွားတာတွေ ရှိတဲ့အပေါ် မြို့ခံအရပ်ဘက်အဖွဲ့စည်းတွေအကြား ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013