DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ကြေညာချက် အောင်မြင်ရေး လက်နက်ကိုင်အဖွဲ့များနှင့်တပ်မတော် တွေ့ရန်လိုဟု ဦးအောင်မင်းပြော
DVB
·
January 27, 2019
အပစ်ရပ်ကြေညာချက် အောင်မြင်ရေး လက်နက်ကိုင်အဖွဲ့များနှင့်တပ်မတော် တွေ့ရန်လိုဟု ဦးအောင်မင်းပြော
Donate to DVB

အပစ်ရပ်ထားတဲ့ ၄ လအတွင်း ဆွေးနွေးမှုတွေအောင်မြင်နိုင်ဖို့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဖို့လိုတယ်လို့ အငြိမ်းစားပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောပါတယ်။

တပ်မတော်က စစ်တိုင်း ၅ ခုကို ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ဧပြီလ၃၀ ရက်နေ့အထိ ၄ လနီးပါး စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားပေမယ့် အဲဒီ စစ်ဌာနချုပ်နယ်မြေတွေမှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ၁ လကျော်လာတဲ့ အထိ တပ်မတော်တို့အကြား ဆွေးနွေးမှုတွေ မရှိသေးပါဘူး။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ ကျန်နေ သေးတဲ့အဖွဲ့တွေ အားလုံးနဲ့ အပစ်ရပ်နိုင်ရေးအတွက်လည်း တဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းနိုင်ဖို့ လိုအပ်တာကြောင့် တပ်မတော်က ရည်ရွယ်ထုတ်ပြန်ခဲ့သလို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီး သက်ဆိုင်ရာနယ်မြေက တိုင်းမှူးတွေပါတဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းပေး ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အရင်အစိုးရလက်ထက်က အငြိမ်းစားပြည်ထောင်စုဝန်ကြီး ဖြစ်သလို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးအောင်မင်းက ကြေညာချက်ထုတ်ရုံတင်မပြီးဘဲ နောက်ဆက်တွဲတွေ့ဆုံမှုတွေ လုပ်ရမှာဖြစ်ပြီး သူစောင့်ကိုယ့်စောင့်နဲ့ အချိန် ၄ လ ပြည့်သွားလိမ့်မယ်လို့ ပြောပါတယ်။

“ကြေညာချက်တခု ထုတ်ပြီးရုံနဲ့ မပြီးသေးဘူး။ နောက်ဆက်တွဲ လိုက်ရမယ်။ ဘယ်အဖွဲ့အစည်းမဆို ဥပမာ - ပီစီကပဲ ဖြစ်ဖြစ်၊ အန်အာပီစီကပဲ ဖြစ်ဖြစ်၊ တပ်မတော်ကဖြစ်ဖြစ် နောက်ဆက်တွဲ လိုက်ရမယ်၊  တွေ့ဆုံဆွေးနွေးရမယ် အဲဒီတော့မှ ၂၁ ကြေညာချက်က အသက်ဝင်မှာ။”

ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော် ထုတ်ပြန်ချက်မှာ တပ်လှုပ်ရှားမှု ရပ်ဆိုင်းထားတဲ့ ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ငြိမ်းချမ်းရေး ဆိုင်ရာတွေကို ညှိနှိုင်းဆွေးနွေးဖို့ဖြစ်ပြီး လိုအပ်ရင် တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ ညှိနှိုင်းအဖွဲ့နဲ့ ဆွေးနွေးပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်ပြီး ၈ ဦးကော်မတီကို ဖွဲ့စည်းထားပေမယ့် ဆက်သွယ် ဆက်ဆံရမယ့် တာဝန်ခံ နည်းပညာအထောက်အကူပြုအဖွဲ့နဲ့ ဆွေးနွေးပွဲအောင်မြင်အောင် လုပ်ဆောင်ကြမယ့် အဖွဲ့အစည်းတွေ မပါဝင်တာက အားနည်းချက်တခုဖြစ်နေတယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးရာပြည့်ကလည်း ငါထိုင်နေမယ် ငါ့ကိုလာတွေ့တော့လည်း တွေ့တာပေါ့။ သူထိုင်နေတယ် သူ့ကို လာတွေ့ဖို့က ဘယ်သူက ဆက်သွယ်မလဲ။ နောက်ပြီးတော့ သူ့ဆီကရော လူလွှတ်ပြီးတော့ အဖွဲ့တွေ ဘာပြဿနာရှိလဲသွားမေးကွာ  ခေါ်လာခဲ့ဆိုတာရော ရှိသလား။ အဲဒါကြောင့် တလပြည့်ပြီး တပွဲမှ မတွေ့ဘူး။ ဘာကြောင့်လဲဆိုတော့ လက်တွေ့စီစဉ် ဆောင်ရွက်တဲ့ အပိုင်းမှာ အားနည်းနေတယ်။”

တပ်မတော်ရဲ့ အပစ်ရပ်ထုတ်ပြန်ချက်က ကြိုဆိုရမယ့်ထုတ်ပြန်ချက်ဖြစ်ပေမယ့် ထုတ်ပြန်ချက်ပါ အချက်တချို့မှာ ဝိဝါဒကွဲစရာအချက်တချို့ရှိနေတယ်လို့ နိုင်ငံရေးပါတီများ အစုအဖွဲ့ UPDJC အတွင်းရေးမှူးက ပြောပါတယ်။

UPDJC အတွင်းရေးမှူး စိုင်းကျော်ညွန့်က  “အဲဒီကော်မတီရဲ့ လှုပ်ရှားမှုက မတွေ့ရသေးဘူး။ ထူးခြားမှုတခုက အဲဒီကော်မတီဖွဲ့တယ်၊ အစိုးရပါမနေဘူး။ ဒါဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ တပ်မတော်ကပဲ သီးသန့်ဆွေးနွေးမှာလား... EAO နဲ့။ အစိုးရရဲ့ ပါဝင်မှုက ဘယ်လိုလဲပေါ့။ အပစ်ရပ်ကြေညာက တပ်ကပဲ ကြေညာနေသလို ဖြစ်နေတယ်။ အစိုးရရဲ့ပါဝင်မှု ယန္တရားထဲမှာ တွေ့မနေဘူး။ အဲလို ဟနေတဲ့ဟာလေးတွေ ရှိနေတယ်။ ”

အစိုးရငြိမ်းချမ်းရေးကော်မရှင်ကတော့ ဒီလထဲမှာ NCA လက်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ NCA လက်မှတ်ထိုးပြီး တရားဝင်ဆွေး နွေးပွဲတွေ ရပ်ထားတဲ့ ကရင်အမျိုးသားအစည်းအရှုံးKNU ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့နဲ့ လဲ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အလွတ်သဘော သီးခြားစီဆွေးနွေးခဲ့ပါတယ်။

တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲထားတဲ့ ၂၀၁၈  ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉၊ ဇန်နဝါရီ ၂၄ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းတိုက်ပွဲ ဖြစ်ပွားမှု ၁၃ ကြိမ်၊ နယ်မြေကျော်လွန်လှုပ်ရှားမှု ၁၆၈ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၀ ကြိမ်၊ လူသစ်စုဆောင်းမှု ၂၀ ကြိမ်၊ တပ်မတော်အားချောင်းမြောင်းပစ်ခတ်မှု ၁၀ ကြိမ်နဲ့  ကားမိုင်းဖြစ်စဉ် ၂ ကြိမ်ဖြစ်ပေါ်ခဲ့တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013