
၁၉၉၈ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပြင်ဆင်ရာမှာ ပုဂံညောင်ဦးဒေသခံတွေရဲ့ တောင်းဆိုချက် မပါလို့ ဒီနေ့မနက်ပိုင်းက ဒေသခံပြည်သူ ၂၅၀ ကျော်က မြို့တွင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ပုဂံမြို့သစ်ဈေး အရှေ့ဘက်မုဒ်အနီးမှ စတင်ပြီး ပုဂံမြို့သစ်- ညောင်ဦး ကားလမ်းအတိုင်း ပုဂံမြို့ ဘူးဘုရားလမ်းစုံအထိ ဒေသခံတွေက စီတန်းလှည့်လည်ခဲ့တာပါ။
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပြည်သူ့ဆန္ဒနဲ့ အညီရေးဆွဲပြဋ္ဌာန်းရေး၊ ပြည်သူ့အသံ လွှတ်တော်အသံဖြစ်ရေး၊ ဒေသခံ ပြည်သူများအား ဖိနှိပ်ချုပ်ခြယ်တဲ့ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ အလိုမရှိ စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ပြင်ဆင်ထားတဲ့ ဥပဒေမှုကြမ်း ပုဒ်မ ၂၇မှာ နေအိမ်ခြံဝန်းဟောင်းတွေ ပြုပြင် အသစ်တည်ဆောက်တာ၊ မြေကျင်းတူး၊ လမ်းဖောက်၊ ကန်ချောင်းပြုပြင်တာတွေကို သက်ဆိုင်ရာကော်မတီရဲ့ ခွင့်ပြုမိန့် မတင်ဘဲ ပြုလုပ်ပါက ပုဒ်မ-၃၄ အရ ရဲက ချက်ချင်းဖမ်းဆီးနိုင်ပြီး ထောင်ဒဏ် တနှစ်ကနေ သုံးနှစ်အထိနဲ့ ငွေဒဏ် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၅၀ အထိ ကျခံစေရမယ်လို့ ပြဋ္ဌာန်းထားတာပါ။
ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းကလည်း ညောင်ဦးမြို့ထဲမှာ ဒေသခံ အင်အား ၄၅၀ လောက်နဲ့ ဒီဥပဒေနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ကိုလင်း(ချောက်)











