
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ထဲမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း အများပြည်သူ စားသုံးဖို့မသင့်တဲ့ ပစ္စည်း ကျပ် ၉၀၀၀၀၀ ကျော်ဖိုး သိမ်းဆည်းရမိခဲ့တယ်လို့ ခရိုင် စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ်။
မကွေးခရိုင်အတွင်း ပြီးခဲ့တဲ့၂၀၁၈ခုနှစ်က ၅၈ ကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးဖို့ မသင့်တဲ့ ပစ္စည်းအမျိုးအစား ၂၇၀ကျော်နဲ့ အရေအတွက် ၁၆၀၀ကျော် ကာလတန်ဖိုး ကျပ်၉၀၀၀၀၀ ကျော်ဖိုး သိမ်းဆည်းရမိခဲ့တာလို့ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှက ဒီဗွီဘီကို ပြောပါတယ်။
“စားသုံးသူ ပြည်သူတွေကို အကြိမ်ရေ ၂၀၀ လောက် အသိပညာပေး ဟောပြောခဲ့ပြီး မိုဘိုင်းပြခန်းနဲ့ ပိုစတာတွေစိုက်ထူခဲ့ပါတယ်။ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး ပညာပေး ဟောပြောဆောင်ရွက်ခဲ့ပြီး မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကို စားသုံးသူအကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်”
အဆိုပါသိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို မကွေးမြို့ အ.ထ.က(၁)နဲ့ အ.ထ.က (၃) တို့မှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ရှေ့မှောက် မြေမြှုပ်ဖျက်ဆီးခဲ့သလို ရေနံချောင်းမြို့မှာလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မကွေးခရိုင် စားသုံးသူရေးရာ ဦးစီးဌာနက သိရပါတယ်။
သတင်း-မင်းထီး











