DVB Logo
Home
မြန်မာသတင်း
ဖေဖော်ဝါရီ ၁၂ ရက်နောက်ဆုံးထားဆုတ်ခွာကြရန် တိုင်းရင်းသားလက်နက်ကိုင်များကို တပ်မတော်သတိပေး
DVB
·
January 25, 2019
ဖေဖော်ဝါရီ ၁၂ ရက်နောက်ဆုံးထားဆုတ်ခွာကြရန် တိုင်းရင်းသားလက်နက်ကိုင်များကို တပ်မတော်သတိပေး
Donate to DVB

နယ်မြေလုတိုက်ပွဲတွေဖြစ်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးအနေနဲ့ ကတိက၀တ်ပါ သတ်မှတ်နယ်မြေအတွင်းသို့   ၂၀၁၉ ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထားပြီး ဆုတ်ခွာကြဖို့ တပ်မတော်က သတိပေးလိုက်ပါတယ်။

ဒေသခံပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒါမှမဟုတ် တပ်မတော်ရဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးတာတွေ အမြန်ဆုံးလုပ်သွားဖို့လည်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ ထုတ်ပြန် တိုက်တွန်းပါတယ်။

တပ်မတော်ဘက်က တဖက်သတ် အပစ်ရပ်ပေးလိုက်တဲ့အပေါ် ဘာတွေဖြစ်လာတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြည်သူလူထုသိအောင် ထုတ်ပြန်လိုက်တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ လေးလတာကာလ အပစ်အခတ်ရပ်စဲမှာ  တလတာကာလကုန်သွားပြီ။ တလတာကာလကုန်သွားပြီဆိုတာ  အချိန် လေးပုံတပုံကုန်သွားပြီ။ နည်းတဲ့အချိန်မဟုတ်ဘူး ဒီဟာအတွက် ကျနော်တို့က သတိပေးထုတ်ပြန်တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၁ရက်ကစပြီး တပ်မတော်ဘက်က တဖက်သတ် အပစ်ရပ်စဲခဲ့တာ အချိန် တလကျော်ရှိသွားပေမယ့် ခုအချိန်ထိ ကေအိုင်အေတဖွဲ့သာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ လုပ်လာတာရှိပြီး အန်စီအေ လက်မှတ်မထိုးရသေးတဲ့ ကျန်အဖွဲ့တွေ အနေနဲ့ ဆက်သွယ်လာတာမရှိဘူးလို့လည်း ပြောပါတယ်။

အန်စီအေလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော အန်စီအေရေးထိုးနိုင်ဖို့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကပါ  တပ်မတော်စစ်ကြောင်းတွေကို ချောင်းမြောင်း ပစ်ခတ်တာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း ရန်လိုတိုက်ခိုက်တာ၊ ဒေသခံ ပြည်သူတွေ ကို နှိပ်စက်တာ၊  သတ်မှတ်နယ်မြေကျော်လွန်လှုပ်ရှားတာ၊ ဆက်ကြေးကောက်တာနဲ့ လူသစ်စုဆောင်းခြင်းတွေလုပ်နေတယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲထားတဲ့ ၂၀၁၈  ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ၊ ဇန်နဝါရီ ၂၄ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းတိုက်ပွဲ ဖြစ်ပွားမှု ၁၃ ကြိမ်၊နယ်မြေကျော်လွန်လှုပ်ရှားမှု ၁၆၈ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၀ ကြိမ်၊ လူသစ်စုဆောင်းမှု ၂၀ ကြိမ်၊ တပ်မတော်အားချောင်းမြောင်းပစ်ခတ်မှု ၁၀ ကြိမ်နဲ့  ကားမိုင်းဖြစ်စဉ် ၂ ကြိမ်ဖြစ်ပေါ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013