DVB Logo
Home
မြန်မာသတင်း
တရားမဝင်သွားတာဆိုပြီး လျစ်လျူရှုလို့ မရပါဘူး၊ ကျနော်တို့နိုင်ငံသား ဖြစ်နေတယ် - စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီး
DVB
·
January 25, 2019
တရားမဝင်သွားတာဆိုပြီး လျစ်လျူရှုလို့ မရပါဘူး၊ ကျနော်တို့နိုင်ငံသား ဖြစ်နေတယ် - စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီး
Donate to DVB

တရုတ်နိုင်ငံက ပြန်လည်ကယ်ထုတ်ခဲ့ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေလိုမျိုး ထပ်မံမဖြစ်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးသွားမှာဖြစ်ပြီး ပြည်ပမှာ တရားမ၀င်အလုပ် သွားမလုပ်ကြဖို့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ ကနီ၊ ကလေး၊ မင်းကင်း စတဲ့မြို့နယ်တွေကနေ တရုတ်နိုင်ငံကို လူခေါ်ပွဲစားတွေကနေတဆင့် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ရာမှ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့အတွက် မိဘတွေ၊ အန်ဂျီအိုတွေကနေ တိုင်းအစိုးရ၊ ပြည်ထောင်စုအစိုးရအထိ အဆင့်ဆင့် ချိတ်ဆက်ကာ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့ကြရတာပါ။

အမျိုးသမီး ၇ ဦး၊ အမျိုးသား ၃၈ ဦးပါတဲ့ ၄၅ ယောက်အဖွဲ့က ဇန်နဝါရီ ၂၃ ရက်နေ့နဲ့ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၆ ဦးပါတဲ့ ၁၅ ယောက်အဖွဲ့က ဇန်နဝါရီ ၂၄ ရက်နေ့မနက်ပိုင်းမှာ အသီးသီး မုံရွာမြို့ကို ပြန်လည်ရောက်ရှိခဲ့ကြတာပါ။

နေ့လယ်ပိုင်းမှာတော့ တိုင်းအစိုးရကအဖွဲ့ကနေ ဦးဆောင်ကာ ပြန်ရောက်လာသူတွေကို ထောက်ပံ့ငွေပေးအပ်တာ၊ မိဘရပ်ထံ ပြန်လည်ပို့ဆောင်တာနဲ့ ကူညီခဲ့သူတွေကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်တာတွေ ပြုလုပ်ခဲ့ပါတယ်။ နေရပ်ပြန်အယောက် ၆၀ အတွက် ၁ ဦးကို ၄ သိန်း ၈ သောင်းကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က နောက်ထပ်ဒီလိုတွေ မဖြစ်ပွားစေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမှာဖြစ်ကာ ပြည်ထောင်စုနဲ့ ချိတ်ဆက်ပြီး သက်မွေးကျောင်းတွေ ပိုမိုပေါ်ထွက်လာဖို့လည်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

နောက်ထပ် ကယ်ထုတ်စရာတွေကိုလည်း ဆက်လက်ကယ်ထုတ်သွားမှာဖြစ်ကာ အခုပြန်လည်ရောက်ရှိလာသူတွေအနေနဲ့လည်း မိမိနေရပ်ပြန်ရောက်ရင် ကိုယ်နဲ့နီးစပ်ရာ အားလုံးကို ပြည်ပကို တရားမဝင် အလုပ်သွားလုပ်တာတွေ မလုပ်ကြဖို့ တတ်နိုင်သလောက် ပြန်လည်ပြောပြကြဖို့ မှာကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က “သူတို့က လာမခေါ်သေးဘူးလား၊ အသေခံရတော့မှာလား၊ တောက်လျှောက် ငိုယိုပြီးတော့ ပြောနေတာ၊ တော်တော်စိတ်မကောင်းပါဘူး။ ကျနော်တို့အနေနဲ့လည်း ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမ အဲလိုသာဖြစ်ခဲ့ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ဝန်ကြီးချုပ်တို့ကော ဒီက ဝန်ကြီးတွေရော ပြောဆိုပြီးတော့ ရအောင်လုပ်ရမယ်ဆိုပြီးတော့ စီမံဆောင်ရွက်ခဲ့ကြတာပါ။ သူတို့က တရားမဝင်သွားတာဆိုပြီးတော့ လျစ်လျှုရှုလို့ မရပါဘူး။ ဒါကျနော်တို့ နိုင်ငံသားဖြစ်နေတယ်။ ပြည်သူပြည်သားဖြစ်နေတယ်။ သူများနိုင်ငံတွေဆိုလည်း အဲလိုပဲ ကျနော်တို့ဆီမှာ မှုခင်းဖြစ်ရင်တောင်မှ တောက်လျှောက်ချိတ်ဆက်ပြီးတော့ ကယ်တင်ဆောင်ရွက်တာတွေ ရှိတယ်” လို့ ပြောပါတယ်။

အခုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၄၅ ယောက်ကတော့ လူကုန်ကူးမှုမမြောက်ဘူးလို့ သိရပြီး နောက်ထပ် ၁၅ ယောက်ကိုတော့ အသေးစိတ်မေးမြန်းရဦးမယ်လို့ စစ်ကိုင်းတိုင်းလူကုန်တားရဲတပ်ဖွဲ့မှ ရဲမှူး မင်းနိုင်က ပြောပါတယ်။

တရားမဝင်အလုပ်သွားလုပ်ဖို့ သွေးဆောင်ဖြားယောင်းခဲ့တဲ့ လူခေါ်ပွဲစား ၆ ယောက်ထဲက ၅ ယောက်ကိုလည်း ဖမ်းဆီးထားပြီး ပြည်ပအလုပ်အကိုင်ဥပဒေနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးမှု ၃ မှုသာဖြစ်ပွားခဲ့ကာ တရုတ်မယားအဖြစ် ရောင်းစားခံရတာ ၂ ယောက်နဲ့ ပြည်တွင်းမှာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရတာ ၁ ယောက်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013