DVB Logo
Home
Lead Story
ကေအဲန်ဒီအိုဗိုလ်ချုပ် မန်းကျော်ဖေ (သို့မဟုတ်) သင်္ကန်းစွန့်ပြီး လက်နက်ကိုင်ခဲ့ရသူ
DVB
·
January 24, 2019
ကေအဲန်ဒီအိုဗိုလ်ချုပ် မန်းကျော်ဖေ (သို့မဟုတ်) သင်္ကန်းစွန့်ပြီး လက်နက်ကိုင်ခဲ့ရသူ
Donate to DVB

သူ့မျက်နှာသွင်ပြင်က တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း။ အနေအေးပြီး စကားကိုလည်း တွေးတွေးဆဆ ပြောတတ်တယ်။ မျက်ခုံးမွေးထူထူ အသားအရည်ဖြူဖြူနဲ့ သဘောထားရိုးရှင်း ပွင့်လင်းတဲ့ ဗိုလ်ချုပ်မန်းကျော်ဖေကို စစ်ဗိုလ်ဆိုတဲ့ နာမဝိသေသနနဲ့တော့ မလိုက်ဖက်လှဘူးလို့ ကျမစိတ်ထဲ ခံစားရတယ်။ သူ့ကို ကျမက သမာသမတ်ကျတဲ့ ကျေးရွာလူကြီးတဦးလို့ မျက်လုံးထဲ မြင်ယောင်မိတယ်။

“ဒါ အဖိုး တူလို သားလို ချစ်ရတဲ့ အဖိုးရဲ့  ရဲဘော်ရဲဘက်ကြီးပေါ့။ ဗိုလ်မှူးချုပ် မန်းကျော်ဖေ” တဲ့။ ကျမတို့ လေးစားချင်ခင်ရတဲ့ အဖိုး (ယခင်ကေအဲန်ဒီအို ဗိုလ်ချုပ်) ဗိုလ်ချုပ်ကျော်သောင်းက အတီးမန်းကျော်ဖေနဲ့ ကျမကို မိတ်ဆက်ပေးတယ်။

မျက်ခုံးမွေးထူထူကြီးတွေ မြှင့်တက်ပြီး ပြည့်ပြည့်ဝဝကြီး ပြုံးနေတဲ့ အတီးမန်းကျော်ဖေက ကျမကို လေးလေးစားစားနဲ့ လက်ဆွဲနှုတ်ဆက်တယ်။ ကျမစိတ်ထဲ ဒီအတီးရဲ့မျက်နှာက အေးချမ်းလိုက်တာလို့ ရေရွတ်ခဲ့မိတယ်။

နောက်ပိုင်းမှာတော့ ကေအဲန်ယူအစည်းအဝေးတွေမှာ အတီးနဲ့ မကြာမကြာဆုံတယ်။ ဗိုလ်ချုပ်ကြီးဝတ်စုံ ဝတ်ထားပေမယ့် သူ့မျက်နှာက တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း။ ဆွေးနွေးပွဲတွေမှာလည်း စကားသိပ်မပြော။ ပြောရင်လည်း အေးအေးဆေးဆေး တွေးတွေးဆဆ။ ဒါပေမယ့် သူ့ငယ်ဘဝက အေးအေးဆေးဆေး တွေးတွေးဆဆ မဖြစ်ခဲ့ရဘူး။

စစ်ပွဲတွေနဲ့ စခဲ့ရတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ကြားကပဲ သူ ကျားကုတ်ကျားခဲ သေစာရှင်စာ သင်ခဲ့ရတယ်။ ရဟန်းဘဝနဲ့ ငရဲကျတဲ့ ဘဝတွေကို မြင်ခဲ့တွေ့ခဲ့ရတယ်။ နောက်တော့ သူ သင်္ကန်းချွတ်ပြီး လက်နက်ကိုင်ခဲ့ရတယ်။

အတီးက ရွာသားဘဝနဲ့ပဲ ရိုးရိုးသားသား လယ်ယာလုပ်ဖို့ပဲ စိတ်ကူးရှိခဲ့တာ။ အတီးမှတ်မိသလောက်တော့ အတီးအသက် ၇ နှစ် ၈ နှစ် အရွယ်လောက်တည်းက အတီးတို့ဒေသတွေဟာ မအေးချမ်းဘူး။ အတီးတို့နယ်တဝိုက်မှာ ဗမာစစ်တပ်နဲ့ ကေအဲန်ယူတပ်တွေ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်။ ရွာသားတွေကလည်း ဟိုပြေးဒီပြေးပေါ့။ အလုပ်အကိုင်တွေလည်း ကောင်းကောင်းမွန်မွန် လုပ်လို့မရဘူး။ ကလေးတွေလည်း ကျောင်းတက်လို့မရဘူး။ စာသင်ချင်ရင် ဘုန်းကြီးကျောင်းတွေမှာပဲ ခက်ခက်ခဲခဲ သင်ရတယ်။ အတီး အသက် ၂၀ အထိ အမျိုးသားရေးတို့ ကရင့်တော်လှန်ရေးတို့ ဘာမှမသိဘူး။ ကရင့်တော်လှန်ရေးထဲကို ဝင်တာက အတီး အသက် ၂၁ နှစ်အရွယ်မှာမှ စဝင်ခဲ့တာ။

အဲ့ဒီအချိန်တုန်းက အတီးက သင်္ကန်းဝတ်ကြီးနဲ့။ ကေအဲန်ယူနဲ့ ဗမာစစ်တပ် တိုက်ပွဲတွေဖြစ်တော့ ဗိုလ်ချုပ်မြ ဦးဆောင်တဲ့ တပ်တွေ ပြန်ဆုတ်လာကြတာ။ သူတို့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ပြန်ဆုတ်လာတာ။ တကြောင်းက အတီးတို့ရွာနားမှာ။ အဲ့ဒီမှာ လိုက်လာတဲ့ ဗမာစစ်တပ်နဲ့ တိုက်ပွဲဖြစ်တယ်။ တရွာလုံးကို ဆူညံနေတာပဲ။ ရွာက ယောက်ျား မိန်းမ အားလုံးကို ဗမာစစ်တပ်ကနေ ဘုန်းကြီးကျောင်းဝန်းထဲမှာ ခေါ်စုပြီး ရိုက်နှက် ထုထောင်းတာတွေလုပ်တာ တရွာလုံးကို ပွက်လောက်ရိုက်နေတာပဲ။ ငရဲကျနေတဲ့အတိုင်းပဲ။

အတီးအဖေက လယ်ထဲကနေ ရွာမှာတော့ တိုက်ပွဲဖြစ်နေပြီ၊ ပြန်ကြည့်ဦးမှဆိုပြီး ရွာကို လှည်းမောင်းပြီး ပြန်လာတာ။ အတီးအဖေက ရဟန်းဒကာ ကျောင်းဒကာဆိုတော့ ဓလေ့ရိုးရာအရ အဖြူရောင်ဝတ်တယ်။ ဝတ်ဖြူစင်ကြယ်နဲ့ပေါ့။

အဲ့ဒီမှာ အတီးအဖေကို ဘုန်းကြီးကျောင်းဝန်းထဲမှာ စစ်တပ်ကနေ ရိုက်နှက်ပြီး စစ်လားဆေးလား လုပ်တော့တာပဲ။ အတီးက ဘယ်နေသာတော့မလဲ။ သင်္ကန်းဝတ်ကြီးနဲ့ ဘုန်းကြီးကျောင်းပေါ်က အတီး ပြေးဆင်းလာပြီး အဲ့ဒါ ဦးဇင်း ဒါယကာကြီးပဲ။ တိုက်ပွဲဖြစ်တာ သူဘာမှ မသိဘူးလို့ ပြောတော့ စစ်သားတွေက အတီးကို ဘက်နက်တွေနဲ့ ထိုးဖို့လုပ်တာ။

စစ်သားတချို့က ဦးဇင်းနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ်နဲ့မဆိုင်တာ မလုပ်နဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ဆိုပြီး အတီးကို ဆွဲပြီး ကျောင်းပေါ်ကို ပြန်တက်ခိုင်းတယ်။ အဲ့ဒီအချိန်တုန်းက အတီးရဲ့ အစ်ကိုအကြီးဆုံးက ရွာမှာ လူကြီး။ သူ့နာမည်က ကိုပါပုတဲ့။

ရွာမှာ တိုက်ပွဲဖြစ်တော့ ဘယ်မှာလဲ ရွာလူကြီးကို ခေါ်တာပေါ့။ သူတို့ခေါ်တော့ သူကြီးက လာရတာပေါ့။ အတီးအစ်ကိုလာတော့ လက်ပြန်ကြိုးတုပ် ရိုက်နှက်ပြီး ရွာထဲကဆွဲထုတ်ပြီး ရွာပြင်မှာ သတ်ပစ်လိုက်ကြတယ်။ အသတ်ခံရတာ အတီးအစ်ကို တယောက်တည်းမဟုတ်ဘူး။ ၂ ယောက်။

သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ဆယ်အိမ်ခေါင်းတယောက်လည်း ပါတယ်။ သူ့နာမည်က ပန်းမွှေးတဲ့။ သူတို့ ၂ ယောက်ကို အတူတူပဲ သတ်ပစ်လိုက်ကြတာ။ အတီးလည်း တော်တော်လေး မခံမရပ်နိုင် ဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး သင်္ကန်းချွတ်ပြီး တော်လှန်ရေးထဲဝင်ခဲ့တာ ဒီနေ့အချိန်ထိပဲ။

ကရင့်တော်လှန်ရေးထဲကို ဝင်တော့ အတီးတို့ဒေသအနေနဲ့ဆိုရင် ကေအဲန်ယူ တပ်မဟာ (၆) နယ်ပေါ့၊ ကေအဲန်ဒီအို တပ်ရင်းထဲကို ရိုးရိုး စစ်သားဘဝနဲ့ပဲ အတီး ဝင်ရောက်ခဲ့တာ။ သင်္ကန်းချွတ်ပြီး အမျိုးသားတော်လှန်ရေးထဲကို ဝင်ရောက်ခဲ့တဲ့ အတီးဟာ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ပဲ စစ်သင်တန်းတွေတက်၊ နိုင်ငံရေးတွေ လေ့လာ၊ ခေါင်းဆောင်တွေရဲ့ သင်ကြားပို့ချချက်တွေကို လိုက်နာပြီး အမျိုးသားတော်လှန်ရေးထဲကို တထောင့်တနေရာက ပါဝင်လာခဲ့သူပါ။

တော်လှန်ရေးထဲမှာပဲ အိမ်ထောင်ကျတယ်။ တော်လှန်ရေးသမားတို့ရဲ့ သဘောသဘာဝ အတိုင်းပဲ၊ အမျိုးသားတာဝန်တွေတဖက် အိမ်ထောင်ရေးတာဝန်တွေ တဖက်နဲ့ ရုန်းကန် ရှင်သန်ခဲ့ရတယ်။ သားသမီး (၄) ဦး ထွန်းကားပေမယ့် ဒီသားသမီးတွေရဲ့ မွေးရပ်မြေတွေက တယောက်တရွာ တနေရာ။

ရောက်တဲ့နေရာမှာ တွေ့တဲ့သူတွေနဲ့ သင့်မြတ်အောင် နေထိုင်တတ်သူ ရိုးသားဖြောင့်မတ်တဲ့ အခြေခံစိတ်ဓာတ်တွေ ရှိသူမို့လည်း သူ့တော်လှန်ရေး ရဲဘော်ရဲဘက်တွေသာမက သူသွားရာ ရောက်ရာက ရွာသူရွာသားတွေရဲ့ လေးစားချစ်ခင်မှုကို ခံခဲ့ရသူတဦး ဖြစ်ပါတယ်။

ရွာသားတွေက အတီးတို့ကို ချစ်ခင်လေးစား အားကိုးခဲ့ကြတယ်။ အတီးတို့ရဲ့ တော်လှန်ရေးကိုလည်း ကရင်လူထုတွေက ထောက်ခံအားပေးခဲ့ကြတယ်။ အတီးအမြင်ပြောရရင် ကရင်တော်လှန်ရေး နှစ်ပေါင်း ၆၀ ကျော် ၇၀ အထိ ကြံ့ကြံ့ခံနိုင်ခဲ့တာ ကရင်ပြည်သူတွေရဲ့ ထောက်ခံမှု ရှိနေလို့ပဲ။ ဒါကို အတီး အပြည့်အဝ ပြောရဲတယ်။

အတီးတို့တပ်မဟာမှာ အတီးတို့ တော်လှန်ရေးလုပ်ခဲ့တာ တခါမှ ဆန်မဝယ်စားခဲ့ရဘူး။ အတီးတို့ကိုယ်တိုင် စိုက်တာရှိသလို အများစုကတော့ ရွာသားတွေရဲ့ ထောက်ပံ့မှုနဲ့ပဲ အတီးတို့ ရပ်တည်ခဲ့ရတာလို့ အတီးမန်းကျော်ဖေက သူဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးသမားဘဝနဲ့ တော်လှန်ရေးပေါ်မြင်တဲ့ သူ့အမြင်တွေကို ပြောပြပါတယ်။

အတီးမန်းကျော်ဖေဟာ တော်လှန်တဲ့ မျိုးချစ်တဦးဖြစ်တယ်လို့ အတီးရဲ့ လုပ်ဖော်ကိုင်ဘက် တဦးဖြစ်တဲ့ ပဒိုဇော်နောင် (ယခင် ကေအဲန်ယူ တပ်မဟာ ၆ ဒူးပလာယာခရိုင် အတွင်းရေးမှူး) ကလည်း မှတ်ချက်ချပါတယ်။

သူက ကျန်းမာရေးအရ နိုင်ငံခြားကို ရောက်လာပေမယ့် ကိုယ့်အမျိုးသားတော်လှန်ရေးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ သူ့ခေါင်းထဲမှာရှိတယ်။ အဝေးရောက်နေတဲ့ ကရင်တွေ စုစုစည်းစည်းနဲ့ ကိုယ့်အမျိုးရေးကို ဘယ်လိုဝိုင်းဝန်း လုပ်ဆောင်ကြမလဲ ဆိုတာကိုလည်း ခေါင်းဆောင်တွေနဲ့ သူ တိုင်ပင်ဆွေးနွေးတယ်လို့လည်း ပဒိုဇော်နောင်က ပြောပါတယ်။

ဗိုလ်ချုပ်မန်းကျော်ဖေအတွက် အမှတ်တရ ပြောပြရမယ်ဆိုရင်တော့ ကရင်ရိုးရာ လက်ချည်ပွဲနဲ့ ပတ်သက်လို့ သူဦးဆောင်ပြီး အကြိမ်ကြိမ် ဆွေးနွေးတင်ပြခဲ့လို့ ကေအဲန်ယူထဲမှာ အဲ့ဒီနေ့ကို ကရင်တွေအတွက် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ဖို့အတွက် ကွန်ဂရက်မှာ ဆုံးဖြတ်ချက် ကျခဲ့ဖူးတာ ရှိတယ်။

နောက်တခုကတော့ ကေအဲန်ဒီအိုနဲ့ ကေအဲန်အယ်လ်အေတပ်ကို လက်နက်၊ ရိက္ခာ၊ ယူနီဖောင်း စတာတွေကို တန်းတူရည်တူ ရှိစေချင်တဲ့ သူ့ဆန္ဒကို ကေအဲန်ယူကွန်ဂရက်တွေမှာ သူတင်ပြခဲ့ဖူးတာတွေ ရှိတယ်လို့ ပဒိုဇော်နောင်က ပြန်ပြောင်းပြောပါတယ်။

အတီးမန်းကျော်ဖေဟာ ကရင့်တော်လှန်ရေးက ချမှတ်ထားတဲ့ မူတွေကို လေးစားလိုက်နာပြီး ရိုးသားကြိုးစားတဲ့ တပ်ဗိုလ် တပ်မှူးတဦး ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကျော်သောင်းက အကြိမ်ကြိမ် မှတ်ချက်ချခဲ့ဖူးပါတယ်။

ဒါကြောင့်မို့လို့ သူ့ရဲ့ ကေအဲန်ဒီအို ဗိုလ်ချုပ်ဆိုတဲ့ ရာထူးကို ဗိုလ်ချုပ်ကျော်သောင်းက အတီးမန်းကျော်ဖေကို ယုံယုံကြည်ကြည် လွှဲအပ် တာဝန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနေ့ကိုတော့ အတီးမမေ့ဘူး။ ဗိုလ်ချုပ်ကျော်သောင်းက အတီးကိုပြောတယ်။ မန်းကျော်ဖေ ငါတို့က အသက်ကြီးပြီ။ ငါတို့တော်လှန်ရေးက မပြီးသေးဘူး။ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့က မင်းတို့တာဝန်ပဲ။ ဒါကြောင့် ကေအဲန်ဒီအိုတာဝန်ကို မင်းဆက်လက်ထမ်းဆောင်ပါ။ မင်းကို ငါယုံကြည်တယ်တဲ့။ သူ့တာဝန်တွေကို လွှဲပြောင်းပေးအပ်တဲ့နေ့မှာပဲ သူ့ပုခုံးပေါ်က ကြယ်ပွင့်ကို အတီးပုခုံးပေါ်ကို သူကိုယ်တိုင် တင်ပေးခဲ့တာ။ အတီး ဝမ်းနည်းဝမ်းသာ ခံစားခဲ့ရတယ်။ တော်လှန်ရေးထဲမှာ အတီးအတွက် အမှတ်ရစရာတွေ အများကြီးထဲမှာ ဒီနေ့ကလည်း တနေ့အပါအဝင်ပေါ့လို့ အတီးမန်းကျော်ဖေက ပြောပါတယ်။

အသက်အရွယ်အရ ကျန်းမာရေးအရ သူ နိုင်ငံခြားကို ထွက်လာရပေမယ့် ကရင်အမျိုးသား တော်လှန်ရေးအပေါ်မှာတော့ သူ သံယောဇဉ်မပြတ်နိုင်ခဲ့တာ အမှန်ပါ။ နိုင်ငံခြားကို သူရောက်လာပြီး ၁ နှစ်ကျော် ၂ နှစ်အတွင်းမှာ သူ့ ရဲဘော်ရဲဘက်တွေရှိရာကို သူ ပြန်သွားခဲ့ပါသေးတယ်။ ရဲဘော်ရဲဘက်တွေအတွက် တော်လှန်ရေးအတွက် သူဘာလုပ်ပေးနိုင်မလဲ ဆိုတာ သူ့ခေါင်းထဲမှာ အမြဲရှိနေခဲ့တယ်လို့ သူက ပြောပါတယ်။

သို့သော်လည်း ဒီနေ့မှာပဲ သူ ဘဝတပါးကို ပြောင်းသွားခဲ့ပါပြီ။ သူ့အသက် ၂၁ နှစ်အရွယ်က စလို့ သူကွယ်လွန်ချိန်အထိကို တော်လှန်ရေးအသိ တော်လှန်ရေးသတိ ရှိနေခဲ့တယ်ဆိုတာကို သူ့ဘဝ တစိတ်တဒေသက လှစ်ပြနေမယ်လို့ ကျမ ယုံကြည်မိပါတယ်။

အတီးမန်းကျော်ဖေ ကောင်းရာသုဂတိ လားပါစေ။

ခိုင်မာကျော်ဇော

ဇန်န၀ါရီ ၂၂၊ ၂၀၁၉

(ဤဆောင်းပါးကို ဆောင်းပါးရှင် စာရေးဆရာမ ခိုင်မာကျော်ဇောထံက ခွင့်ပြုချက်တောင်းခံရယူ ဖော်ပြခြင်းဖြစ်ပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013