DVB Logo
Home
မြန်မာသတင်း
တရုတ်ဇနီးမယားအဖြစ် လက်ထပ်ရန်​စေခိုင်း​ခဲ့သူ ၂ ဦးကို လူကုန်ကူးမှုဖြင့်ဖမ်းဆီး
DVB
·
January 23, 2019
တရုတ်ဇနီးမယားအဖြစ် လက်ထပ်ရန်​စေခိုင်း​ခဲ့သူ ၂ ဦးကို လူကုန်ကူးမှုဖြင့်ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာနေတဲ့ မြန်မာအမျိုးသမီးတဦးကို တရုတ် ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းဖို့စေခိုင်းခဲ့သူ နှစ်ဦးကို ဇန်နဝါရီ ၂၁ ရက်က လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်​။

အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးငယ်​ကို တရုတ်နိုင်ငံသား ချိုင်ချွင်လိန်က ပြင်ဦးလွင်မြို့မှာ တည်းခို​ပြီး တရုတ်နိုင်ငံကို ခေါ်ဆောင်​ဖို့​ဆောင်ရွက်နေတာကို လူကုန်ကူးမှု တားဆီးရေးက တာဝန်​ရှိသူတွေက မသင်္ကာဖြစ်​ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်​တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်စစ်​​ဆေးခဲ့ရာကနေ လူကုန်ကူးမှု ပေါ်ပေါက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၁၀ ရက်လောက် ပြင်ဦးလွင်မြို့ ဈေးလေးအနီးက လီလီအထည်ဆိုင်ပိုင်ရှင် ဒေါ်လီလီဟာ လူကုန်ကူးခံရတဲ့ အမျိုးသမီးငယ်ထံကို​ ရောက်ရှိလာကာ တရုတ်နိုင်ငံသားတဦးနဲ့ လက်​ထပ်​​ပေါင်းသင်း​ဖို့ တရုတ်ကိုယူပါက ငွေကြေးပြည့်စုံ ကြွယ်ဝချမ်းသာမှာဖြစ်ကြောင်း စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသားရှိတဲ့ ကန်တော်ကြီးကို ​ခေါ်​ဆောင်​သွားခဲ့ပါတယ်​။

နောက်တရက်မှာ ဒေါ်လီလီနဲ့ ချိုင်ချွင်လိန်တို့နှစ်​ဦးဟာ အမျိုးသမီးငယ်​ရဲ့ နေအိမ်ကို ရောက်လာခဲ့ကာ လက်ထပ်ဖို့ကိစ္စတွေပြောဆိုခဲ့ပြီး အမျိုးသမီးငယ်​ကို ဒေါ်လီလီ၊ ချိုင်ချွင်လိန် တို့နဲ့အတူ မန္တလေးမြို့ကို နှစ်ညအိပ် အလည်​ခေါ်​ဆောင်​သွားခဲ့ပါတယ်​။

လူကုန်ကူးခံရတဲ့ အမျိုးသမီးငယ်​ နေအိမ်ကိုပြန်လာခဲ့ရာ အစ်မဖြစ်သူ မဖြူဝင်းက တရုတ်နိုင်ငံသားနဲ့ သဘောမတူကြောင်း ပြောဆိုခဲ့တဲ့အတွက် ချိုင်ချွင်လိန်ကို လက်မထပ်နိုင် ကြောင်း ငြင်းဆိုခဲ့​ပါတယ်။ ဒါပေမယ့် ချိုင်​ချွင်​လိန်​ဟာ နေအိမ်ကို မကြာခဏလာရောက်​​ပြီး ညီမဖြစ်​သူကို​ ခေါ်​ဆောင်​​နေတာ​ကြောင့် မဖြူဝင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်​။

ပြင်စာရဲစခန်းက စခန်းမှူး ဝင်းဗိုလ်​က “လူကုန်ကူးဖို့လုပ်တဲ့ ဒေါ်လီလီနဲ့ တရုတ်နိုင်ငံသားကို တော့ ချက်ချင်းဖမ်းဆီးမိခဲ့တယ်။ ကြားထဲမှာ​တော့ တရုတ်နိုင်ငံသားကို ကူညီ​ပေးခဲ့တဲ့မန္တလေးက လူကတော့ မမိသေးဘူး” ​ပြောပါတယ်​။

တရုတ်နိုင်ငံသား ချိုင်ချွင်လိန်ဟာ မန္တလေးမြို့မှာနေထိုင်တဲ့ သူငယ်ချင်းဖြစ်သူ ရှီကျားကျွင့် နဲ့ ဒေါ်လီလီတို့ကို ချိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာ နေထိုင်စားသောက်စရိတ်တွေကို ရှီရားကျွင့်က ကုန်​ကျစရိတ်​ကျခံ​စေပြီး မိန်းကလေးတွေကို ချဉ်းကပ်ဖို့ ဖုန်းနဲ့လမ်းညွှန်ပေးခဲ့ကာ မိန်းမရပြီး တရုတ်နိုင်ငံသို့ပြန်ရောက်ခဲ့ရင်​ ချိုင်ချွင်လိန်းက ရှီကျားကျင့်ကို တရုတ် ယွမ်ငွေ ၆၀၀၀ဝ ပေးရမှာလည်း ဖြစ်​ပါတယ်။

တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းဖို့ ဆောင်ရွက်သူ​တွေဖြစ်တဲ့ ​ဒေါ်လီလီ ချိုင်ချွင်လိန်နဲ့အတူ ရှီကျားကျွင့်တို့ကို ပြင်စာနယ်မြေရဲစခန်းက (ပ)၁၆/၂၀၁၉ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေပုဒ်မ- ၂၄/၃၂ နဲ့အမှုဖွင့်လှစ်ထားပြီး ရှီရားကျွင့်ကို ဖမ်းဆီးရမိနိုင်​ရေး ဆောင်ရွက်​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013