DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုရှိလာဟု ဝန်ကြီးချုပ်ဦးညီပုပြော
DVB
·
January 22, 2019
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုရှိလာဟု ဝန်ကြီးချုပ်ဦးညီပုပြော
Donate to DVB

ရခိုင်ပြည်နယ်ဟာ အခြားပြည်နယ်နဲ့ တိုင်းတွေထက် ပိုမိုဦးစားပေးလုပ်နေတဲ့ အတွက် သိသာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေရရှိနေတယ်လို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးညီပုက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွက် အရေးပေါ်အရံဆန်ရိက္ခာ ဆန်တန်ချိန် ၂၅၀ ဆန်အိတ် ၆၂၅၀ ကို ကိုရီးယားသမ္မတနိုင်ငံက ရခိုင်ပြည်နယ်အစိုးရကို ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းမှာ လွှဲပြောင်း ပေးအပ်တဲ့အခမ်းအနားမှာ အခုလိုပြောဆိုခဲ့တာပါ။

"ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ နိုင်ငံတော် သမ္မတရဲ့ အထူးရန်ပုံငွေ၊ နိုင်ငံတော်အစိုးရက တခြားပြည်နယ်နဲ့ တိုင်းထက်ကို ပိုမို ဦးစားပေး ပြီးတော့ ပံ့ပိုးဆောင်ရွက်မှုတွေလုပ်နေတဲ့အတွက် ရခိုင်ပြည်နယ်ဟာ အခြားတိုင်းနဲ့ပြည်နယ်ထက် ပိုပြီးတော့ သိသာမြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရရှိနေတာကတော့ လက်တွေ့ကျနော်တို့ မျက်မြင်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေကနေ ဆက်ပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ပြောင်းလဲ တိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပြီး တည်ငြိမ်အေးချမ်းမှု ရရှိအောင် လက်တွဲပူးပေါင်းပါဝင်ကြဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်း ပြောဆိုပါတယ်။

“ဖွံ့ဖြိုးမှုအတွက်ရော တည်ငြိမ်အေးချမ်းမှုအတွက်ရော နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတွေကလည်း ကျနော်တို့ပြည်နယ်ကို အင်မတန်မှစိတ်ဝင်စားပြီးတော့ ကူညီဆောင်ရွက်မှုတွေ လည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ တည်ငြိမ်အေးချမ်းမှုနဲ့ပတ်သက်ပြီးတော့လည်း ဒီ့ထက်ပိုပြီးတော့ တည်ငြိမ်အေးချမ်းမှုတွေ ရရှိအောင်ကိုလည်း ကျနော်တို့ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ကျနော်တို့နဲ့ပူးပြီးတော့ ဆောင်ရွက်ကြဖို့ကိုလည်း လေးလေးစားစားမေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ထားတဲ့ အဲ့ဒီဆန်တွေကို ရခိုင်ပြည်နယ်အသီးသီးမှာ လိုအပ်နေတဲ့နေရာမှာ အသုံးပြုဖို့နဲ့ ဒုက္ခသည်တွေ၊ ဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေ လိုအပ်နေတဲ့နေရာတွေမှာ အသုံးပြုဖို့ အခုလိုလာရောက် ထောက်ပံ့ပေးအပ်တာလို့ ကိုရီးယား သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာသံအမတ် လီဆန်ဟွာက ပြောပါတယ်။

လက်တလောမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အေအေနဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြို့နယ် လေးမြို့ နယ်မှာ စစ်ဘေးသင့်သူ ၆၀၀၀ လောက်ရှိလာနေပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ပြည်နယ်နဲ့ တိုင်းတွေထဲမှာ အဆင်းရဲဆုံးပြည်နယ်တခု ဖြစ်ပြီးတော့ လမ်းပမ်းဆက်သွယ်ရေး မကောင်းတာတွေ အလုပ်အကိုင်ရှားပါးတာတွေ၊ စက်ရုံ၊ အလုပ်ရုံ နည်းပါးနေတာတွေကြောင့် ဒေသခံ လူငယ်တွေဟာ တနေ့ထက်တနေ့ ပြည်ပနိုင်ငံတွေနဲ့ ဖားကန့်ဒေသကို ထွက်ခွာနေတာတွေဟာ အများဆုံးဖြစ်ကြပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013