
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ငွေလွှဲဖို့သွားသူတဦး ငွေသိန်း ၃၅၀ ကျော်ပါတဲ့ ငွေထုပ်ခိုးခံရမှု ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့လို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။
အောင်မြသန်းကုမ္ပဏီတာဝန်ခံ ဦးသန်းထိန်ဟာ ဘဏ်ကိုငွေသွင်းဖို့ ကုမ္ပဏီပိုင်ငွေ သိန်း ၃၅၀ ပါအိတ် တအိတ်နဲ့ သိန်း ၁၃၀ ပါ တအိတ်ကို ထပ်ကာ ငွေသွင်းကောင်တာရှေ့ တမံသလင်းပေါ် ချထားပြီး ငွေသွင်းဖို့ အလှည့်စောင့်ဆိုင်းနေစဉ်မှာ အလှည့်ကျော်သွားတာထင်လို့ ငွေထုပ်တွေကိုထားခဲ့ကာ ကောင်တာကို သွားမေးနေစဉ် ငွေထုပ်တွေက ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကတော့ ဘဏ်ကိုသွားကာ စီစီတီဗွီမှတ်တမ်းတွေ သွားရောက်စစ်ဆေးနေပြီး စီစီတီဗွီ ၇ လုံးမှာ ၄ လုံးကပျက်နေတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၃ လုံးကလည်း ဝင်ပေါက်ထွက်ပေါက်မမြင်ရဘဲ အေတီအမ်ရှိတဲ့နေရာ၊ ပင်စင်ထုတ်ရာနေရာနဲ့ လမ်းဖက်ကိုပဲ မြင်ရတဲ့အတွက် လမ်းဘေးက ပုဂ္ဂလိက စီစီတီဗွီမှတ်တမ်းတွေ ရရှိရေးလည်း လုပ်ဆောင်နေတယ်လို့ မုံရွာမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
မုံရွာမြို့မှာ ဘဏ်တွေကနေ ငွေထုတ်အပြန် ဆိုင်ကယ်တူးဘောက်ကနေ ငွေထုတ်ခိုးခံရတဲ့ ဖြစ်စဉ်တွေတော့ ရှိခဲ့ပေမယ့် အခုလို ဘဏ်အတွင်းမှာ အခိုးခံရတာတော့ မရှိသေးပါဘူး။
ဘဏ်အတွင်း ငွေပျောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘဏ်တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းကတော့ (ပ)၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၈၀ နဲ့အမှုဖွင့်ကာ ဖြစ်စဉ်မှန် ဖော်ထုတ်နိုင်ရေး လုပ်ဆောင်နေပါတယ်။











