DVB Logo
Home
မြန်မာသတင်း
ငမြှောင်တောင်သီးနှံဖျက်ပိုး မျိုးစိတ်သစ် ပြောင်းခင်းများကို ဖျက်ဆီးနေ
DVB
·
January 22, 2019
ငမြှောင်တောင်သီးနှံဖျက်ပိုး မျိုးစိတ်သစ် ပြောင်းခင်းများကို ဖျက်ဆီးနေ
Donate to DVB

မြန်မာနိုင်ငံကို သီးနှံဖျက်ပိုးအသစ် ဝင်ရောက်နေပြီး လက်ရှိမှာ ပြောင်းခင်းတွေကို ဖျက်ဆီးနေတယ်လို့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံကာကွယ်ရေးဌာနခွဲက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ တခါမှ မကျရောက်ဘူးသေးတဲ့ FAW လို့ခေါ်တဲ့ ငမြှောင်တောင်ပိုး မျိုးစိတ်အသစ်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံး မှတ်တမ်းတင်ဖြစ်တဲ့ ပြည်ပက ဝင်ရောက်လာတဲ့ ပိုးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ ငမြှောင်တောင်ပိုးတွေ ကျရောက်နေပြီး ဧရာဝတီတိုင်းထဲက ပြောင်းစိုက်ဧကရဲ့ သုံးပုံတပုံလောက်ကို ထိခိုက်နိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ရေးပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ် ၁၅ ခုက ဧက ၁၃၀,၀၀၀ ကျော်မှာ ဒီပိုးကျရောက်နေပြီး ဧက ၄၀,၀၀၀ လောက်ကို ထိခိုက်နိုင်တယ်လို့ စိုက်ပျိုးရေးဌာနက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်အထိမှာတော့ ဧက ၆၅၀၀ ကျော် ထိခိုက်နေတယ်လို့လည်း ဆိုပါတယ်။

မြင်းခြံမြို့နယ်ထဲမှာလည်း စိုက်ဧက ၁၂၀၀၀ ကျော်မှာ ဧက ၁၁၀၀ ကျော်ကို ငမြှောင်တောင်ပိုး မျိုးစိတ်အသစ် ကျရောက်ခဲ့ပါတယ်။

စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဝင်းမာက “စဖြစ်ကတည်းက ပညာပေးတာတွေ လုပ်တယ်။ စုပေါင်း ဆေးဖြန်းပွဲတွေ လုပ်တယ်။ အခု ထပ်တော့မတိုးဘူး။ ကျခဲ့တဲ့ အခင်းတွေမှာလည်း လုံးဝပျက်စီးတာ မရှိပါဘူး” လို့ ပြောပါတယ်။

စပါး၊ ဝါနဲ့ ဟင်းသီးဟင်းရွက်တွေ အပါအဝင် တခြားသီးနှံအမျိုးပေါင်း ၈၀ လောက်ကို ဖျက်ဆီးနိုင်တဲ့ ငမြှောင်တောင်ပိုးအသစ်ဟာ အာရှတိုက်က အိန္ဒိယ၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာလည်း ကျရောက်နေပါတယ်။

ငမြှောင်တောင်ပိုးဟာ တညအတွင်းမှာ ကီလိုမီတာ ၁၀၀ (မိုင် ၆၀ ကျော်) အထိ ပျံသန်းနိုင်ပြီး တနေရာက တနေရာကို မြန်မြန်ဆန်ဆန် ပျံ့နှံ့နိုင်သလို ပေါက်ဖွားနှုန်းလည်း မြန်ပါတယ်။

ကာကွယ်နှိမ်နင်းဖို့အတွက် ဥမြုံနဲ့ လောက်ကောင်တွေကို လူထုအင်အားနဲ့ ကောက်ယူ ဖျက်ဆီးဖို့၊ လောက်ကောင်တွေ သေစေဖို့အတွက် ပင်စည်ကိုဝိုင်းပြီး ထွက်တဲ့ အရွက်တွေမှာ ပြာ၊ သဲ၊ လွှစာ၊ ထုံး၊ ဆားနဲ့ အဝတ်လျှော်ဆပ်ပြာတွေ ထည့်ပေးဖို့၊ မီးထောင်ချောက်တွေသုံးဖို့၊ ပေါင်းမြက်တွေကို ရှင်းပေးဖို့၊ သဘာဝမိတ်ဆွေပိုးတွေဖြစ်တဲ့ ပုရွက်ဆိတ်၊ အတောင်မာ ကျိုင်း၊ ပင့်ကူ၊ ငှက် စတာတွေကို ထိန်းသိမ်းဖို့ စတဲ့ နည်းလမ်းတွေကို စိုက်ပျိုးရေးဦးစီးဌာနက အကြံပြုထားပါတယ်။

မနှစ်ကလည်း စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ပြည်တွင်းမှာရှိပြီးသား ငမြှောင်တောင်ပိုးတွေ ကျရောက်ခဲ့ပြီး ပြောင်းခင်းတော်တော်များများ ထိခိုက်ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013