DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ ရွှေချောင်း ကိုယ်ထူကိုယ်ထ ရေလမ်းကြောင်းပြောင်း
DVB
·
September 18, 2012
ပခုက္ကူ ရွှေချောင်း ကိုယ်ထူကိုယ်ထ ရေလမ်းကြောင်းပြောင်း
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့ခံတွေဟာ ရေကြီးမှုကို ကိုယ်ထူကိုယ်ထ ကာကွယ်တဲ့အနေ နဲ့  ရွှေချောင်း ရေလမ်းကြောင်း ပြောင်းသွားအောင် စုပေါင်း လုပ်ဆောင်နေကြပါတယ်။

သံဃာတော်တွေဦးဆောင်ပြီး ဆောင်ရွက်နေကြတာဖြစ်ပြီး အခုလို ကြိုတင်ပြီး ရေလမ်းကြောင်း မပြောင်းနိုင်ခဲ့ရင်  ထိခိုက်ဆုံးရှုံးနိုင်တာတွေကို ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ပခုက္ကူရှစ်မျက်နှာကျောင်းတိုက်က ဦးပညာဝံသက မိန့်ပါတယ်။

[caption id="attachment_30959" align="alignleft" width="275" caption="မနှစ် အောက်တိုဘာ ၁၉ ရက်နေ့က မိုးသည်းထန်ပြီးရေကြီးမှုကြောင့် ရွှေချောင်းတံတားကျိုးကျစဉ်(ဓာတ်ပုံ-facebook)"][/caption]

“အထက်ကနေ ရေလမ်းကြောင်းလာတာကို ရေလမ်းကြောင်းအတိုင်း ဖြောင့်ဖြောင့်သွားဖို့ စည်ပင်က မြောင်းထိုးပေးထားတယ်လေ။ မြောင်းထဲကို ရေသွင်းမှာပေါ့။ မြောင်းထဲရေသွင်းရင်တော့ စိတ်မချရတာ ရှိတယ်။ အဲမြောင်းသည် ရေအားနဲ့လာရင် ဘယ်နည်းနဲ့မှ မခိုင်ဘူး။ ဒါကြောင့် တုတ်ရိုက်ဖို့ စီစဉ်ထားတယ်။ တုတ် ဆိုတာက ဦးဇင်းတို့ စီစဉ်တာက တပိုင်တနိုင် တုတ်ပေါ့။ နိုင်ငံတော် အစီအစဉ်နဲ့ဆိုရင်တော့ အကောင်းစားရမှာပေါ့။ အခုက နိုင်ငံတော်အစီအစဉ်ကလည်း အသံမကြားသေးတော့ ဦးဇင်းတို့ ဆရာတော်များရော၊ ရပ်ကွက်က အုပ်ချုပ်ရေးမှူးရော၊ ပြည်သူရော အကုန်ပေါင်းပြီး ပထမအဆင့်က သဲအိတ်အခြေချတဲ့နည်းပေါ့။

“ဒုတိယနည်းက မြောတိုင်နဲ့ တုတ်တွေ ပုံစံဆင်ပြီး တခုပြီး တခု အဆင့်ဆင့် ရေသွားလမ်း တည့်တည့်သွားအောင် တုတ်ရိုက်ဖို့ပေါ့။ တခြား ဧရိယာက အကျယ်ကြီးဖြစ်နေတယ်လေ။ ဒါကြောင့် ရေလမ်းကြောင်းစုသွားဖို့ တုတ်ရိုက်မှ အဆင်ပြေမှာ။ အကယ်လို့ တုတ်မရိုက်ဘူးဆိုရင် ရေလမ်းကြောင်းက အကျယ်ကြီးပြန့်ပြီး အရှိန်နဲ့လာရင် မြို့ကမနှစ်ကဖြစ်တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းလို့ ရတယ်။ ဒါကြောင့် တုတ်ရိုက်မယ်။ ရေလမ်းကြောင်းကို လွှဲပေးလိုက်တာပေါ့။ သူချောင်းအလယ်က သွားမယ်ဆိုရင် မြို့မထိခိုက်ဘူးပေါ့။”

ရွှေချောင်းအနီးမှာရှိတဲ့ လူနေအိမ်တွေ၊ သီလရှင်စာသင်တိုက်တွေ၊ မိုးကုတ်ရိပ်သာ၊ ဘာသာရေးအဆောက်အဦ၊ ဓမ္မာရုံတွေ အပါအ၀င် ဘုန်းကြီးကျောင်း ၁၀ ကျောင်းလောက် ထိခိုက်နိုင်တဲ့အတွက် အခုလို ပြုလုပ်ရတာလို့ ဆရာတော်က မိန့်ပါတယ်။

အဲဒီနေရာတွေဟာ သဲထုတွေ (ချောင်းကောမြေ) အပေါ်မှာ ဆောက်ထားတာဖြစ်တဲ့ အတွက် ရေတိုက်စားပါက အလွယ်တကူ ပျက်စီးသွားနိုင်တယ်လည်း ဆရာတော်က မိန့်ပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ သံဃာအပါး ၂၀၀ ခန့်၊ စာသင်တိုက်မှာ သီလရှင်အပါး ၂၀၀ ကျော် သီတင်းသုံး နေထိုင်နေကြပြီး၊ ပရဟိတ ဖွင့်ထားတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မှာ ကျောင်းသား ၁၀၀၀ ကျော် စာသင်ကြားနေကြတယ်လို့လည်း မိန့်ပါတယ်။

မနှစ် အောက်တိုဘာလထဲ  ရွှေချောင်းရေကြီးခဲ့လို့  လူနေအိမ်ခြေ ၄၀လောက် ရေထဲမျောပါ ပျက်စီးပြီး လူ ၁၀၀ ကျော် အသက်ဆုံးခဲ့ရပါတယ်။

အခုနှစ်မှာ အဲ့ဒီဒေသတွေ မိုးမကောင်းသေးတာတောင်မှ ချောင်းရေအကျများနေပြီး၊ အထက်ပိုင်းမိုးကြီးခဲ့ရင် ချောင်းရေကြီးဖို့ အခြေအနေများနေပြီလို့ ဒေသခံတွေက သုံးသပ်ပြောကြား ပါတယ်။

ရွှေချောင်းဟာ အထက်ပိုင်းမြိုင်ဘက်က စတင်စီးဆင်းလာပြီး ပခုက္ကူမြို့နားက ဖြတ်သန်း စီးဆင်းနေ တာပါ။ ချောင်းအကျယ်က ကိုက် ၅၀၀ လောက် ရှိပါတယ်။

အရင့်အရင်နှစ်တွေက ချောင်းရေကြီးတာမျိုး မရှိခဲ့ဘဲ မြို့အနား ရထားလမ်းဖောက်လုပ်ခဲ့ပြီး တဲ့နောက် ရေလမ်းကြောင်းပြောင်းပြီး ၂၀၁၁ ခုနှစ်ထဲ ချောင်းရေကြီးတဲ့ဒဏ် စတင်ခံစားခဲ့ကြရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013